သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်၊ စိုင်ကောင်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့လို့ နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိတ်ဖြူမြို့နယ်ပကဖတာဝန်ခံထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက် မနက် ၁၀ နာရီကျော်ခန့်မှာ ဆိတ်ဖြူအခြေစိုက် ကပစ ၂၂ က အင်အား ၅၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စိုင်းကောင်းရွာဘက်ကို လက်နက်ကြီးတွေပစ်ခတ်ပြီး ဝင်ရောက်လာခဲ့ပြီး နေအိမ်တွေကို မီးရှို့တာလို့ ဆိုပါတယ်။
"ဒီအတိုင်းဝင်ပြီး မီးရှို့သွားတာဘဲ။ လက်နက်ကြီးလည်း ၄ လုံးလောက်ပစ်သေးတယ်။ PDF တွေနေတာမျိူး မရှိဘူး။ သူတို့နဲ့အနီးကပ် ရွာတွေဖြစ်တဲ့အတွက် နယ်မြေရှင်းထုတ်တဲ့အနေထားမှာရှိလောက်တယ်။ အဲဒီကနေ PDF တွေဝင်လာမှာစိုးပြီး လုပ်တာမျိုး။ "လို့ ဆိပ်ဖြူမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့သွားလို့ နေအိမ် ၃၀ ခန့်သာရှိတဲ့ ကျေးရွာက နေအိမ် ၂၃ လုံးမီးလောင်ပျက်စီးခဲ့သလို ကျေးရွာစာသင်ကျောင်း၊ ကျေးရွာပိုင်ရေစက်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ရွာခံတွေက ကြိုတင်သတင်းရပြီး တိမ်းရှောင်နိုင်လိုက်တာကြောင့် ဖမ်းဆီးခံရတာမျိုးမရှိဘဲ ရွာခံပြည်သူ ၂၀၀ ကျော်မှာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရှိုကျင်းကျေးရွာဘက်ကို ပြန်ဆုတ်သွားပြီး ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းထိ အဆိုပါရွာမှာပင် ရှိသေးတယ်လို့ သိရပါတယ်။
စိုင်ကောင်းကျေးရွာက ၂၀၂၀ လောက်ကမှ ဒေသခံတွေက ရွာတည်ထောင်နေထိုင်ကြဖြစ်ပြီး ကပဖ ၂၂ တပ်နဲ့ တမိုင်ဝန်းကျင်ခန့်သာ ဝေးတဲ့ကျေးရွာဖြစ်ကာ ကျေးရွာထဲမှာ အိမ်ခြေ ၃၀ ခန့်သာရှိကာ နေအိမ်အများစုက ဖက်မိုး၊ ထရံကာ နေအိမ်တွေဖြစ်ပြီး သွပ်မိုး၊ ထရံကာနေအိမ်အနည်းငယ်လောက်သာရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက်ကလည်း ကပစ ၂၂ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညောင်ဂွေးဝကျေးရွာက ကားဝပ်ရှော့ ၁ ခုကို မီးရှို့လို့ ကား ၃ စီး၊ ကားဝပ်ရှော့ရုံ၊ ဆိုင်ကယ် ၂ စီးမီးလောင်ခဲ့သလို အလယ်စုကျေးရွာက နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - ညောင်ဂွေးဝရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့သွားခဲ့စဉ်က။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ဆိတ်ဖြူမြို့ #စိုင်ကောင်းရွာ #စစ်ကောင်စီ #မီးရှို့ #မီးလောင်
Share Share Share