စိုးမိုးနယ်မြေတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်နေပေမယ့် ဆေးဝါးပြတ်လပ်

စိုးမိုးနယ်မြေတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်နေပေမယ့် ဆေးဝါးပြတ်လပ်

မကွေးတိုင်း ယောဒေသက စိုးမိုးနယ်မြေတွေမှာ ကျေးရွာတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ အခြေအနေ ဖြစ်နေပေမယ့်လည်း ဆေးဝါးပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။

ထီးလင်း PDF က ဆေးတပ်သားတွေ အပါအဝင် ဆေးသင်တန်းဆင်းထားသူတွေ သူနာပြုတက္ကသိုလ်ကျောင်းဆင်းထားသူတချို့က ဆေးအဖွဲ့ ဖွဲ့စည်းထားပြီး စိုးမိုးနယ်မြေထဲက ကျေးရွာတွေမှာ တရွာဝင်တရွာထွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာပါ။

" အခုက ညီမတို့စိုးမိုးထားတဲ့နယ်မြေ အကုန်လုံးကို Mobile Clinic လိုမျိုးသွားတာဆိုတော့ ဆေးဝါးကုန်ကျမှုက များပါတယ်၊ Mobile Clinic က ရွာတွေမှာ တပတ်ဆယ်ရက်ထိုင်မကုနိုင်သေးပေမဲ့ စိုးမိုးထားတဲ့နယ်မြေအားလုံးကိုတော့ လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ စီစဉ်ထားပါတယ်ရှင့်" လို့ ထီးလင်းPDF က တပ်ရင်းဆေးတာဝန်ခံ မစတယ်လာဝေက ပြောပါတယ်။

အဲ့ဒီလို သွားလာနိုင်ဖို့ ပြည်သူတွေလှူထားတဲ့ အလှူငွေတွေ ဆေးဝါးပစ္စည်းတွေကို စစ်ဘေး မီးဘေးသင့်နေတဲ့ ရွာတွေကို ပို့ပေးရင်းနဲ့ တခါတည်း ကျန်းမာရေးစောင့်ရှောက်မှုကို ပေးဖြစ်တာလို့ဆိုပါတယ်။

လက်ရှိ သူတို့အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတဲ့ ကျေးရွာ ၉ခုအထိ ရှိနေပြီး အဲ့ဒီအထဲမှာ စစ်ကောင်စီက မီးရှို့ခံထားရတဲ့ ကျေးရွာ ၂ရွာ ပါဝင်ပါတယ်။

"တနေ့တရွာဘဲသွားနိုင်ရင်တနေ့တရွာဘဲ လူဦးရေများ အိမ်ခြေများတဲ့ရွာကျ နှစ်ရွာကူးလို့မရဘူး၊ ဒီလပိုင်းမှာ ကလေးတွေက အဖျားအနာပေါတယ် နှာစေးချောင်းဆိုးအဖြစ်များကြတယ်၊ အများဆုံးကတော့ သက်ကြီးပိုင်းတွေရဲ့  သွေးတိုးရောဂါပါ" လို့ မစတယ်လာဝေ က ပြောပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးတဲ့ ရက်တွေမှာတော့ ရွာတွေမဆင်းနိုင်ပဲ လုံခြုံရေးအရ ရပ်နားထားပြီး ကျန်ရက်တွေမှတော့ နီးစပ်ရာ တပ်ခွဲတွေက လုံခြုံရေး လိုက်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို စောင့်ရှောက်မှုတွေ ပေးနိုင်အနေအထားမှာ ရှိနေပေမယ့်လည်း ဆေးပစ္စည်း ဆေးဝါးတွေ ပြတ်လတ်မှုတွေလည်း ရှိနေတာကြောင့် လိုအပ်သလောက် မပေးနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။ 

"လိုအပ်တာပေါ့ သွေးတိုးသမားတွေဆို ဆေးကအမြဲလိုအပ်နေတာ၊ ရွာဘက်ကလူတွေက တခုခုဆို မသွားရဲမလာရဲကြတော့ ဆေးက၀ယ်ရခက်တယ်၊ ရွာတိုင်းမှာ မုန့်ဆိုင်ရှိပေမဲ့ဆေးဆိုင်မရှိတော့ ဆေးလိုအပ်ချက်ကရွာတိုင်းရှိတာရော တချို့ရွာတွေကျ ဆရာမကလည်းမရှိတော့ တော်တော်အဆင်မပြေကြဘူး" လို့ ဆိုပါတယ်။

ကုန်စျေးနှုန်းမြင့်တက်နေမှုနဲ့ အတူ ဆေးဝါးပစ္စည်းတွေလည်း စျေးတက်လာကြတာဖြစ်လို့ ဆေးဝါးဝယ်ယူဖို့ မလွယ်တာတွေအပြင် အများစုက လက်လုပ်လက်စားတွေဖြစ်တာကြောင့် ပိုပြီး အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

" ကျမတို့သွားရင်တော့ ဆေးကအလကားရတာများတယ် အလကားပေမဲ့၊ ကျမတို့လည်းအများကြီးမပေးနိုင်ဘူး ရွာတွေကအများကြီးသွားရတာဆိုတော့ ဆေးက ကုန်တာလည်းမြန်တယ် အညောင်းအညာအကိုက်အခဲ ဒဏ်ရာအတွက် လိမ်းဆေးဘူးတွေက ကျမတို့လည်း အလကားမပေးနိုင်တော့ဘူး ၄၅၀၀ နဲ့၀ယ်ခဲ့ရရင် ပြည်သူကို ၂၀၀၀ နဲ့ပြန်ရောင်းပေးခဲ့တယ် ဒါကတော့ မတတ်နိုင်တော့လို့ လုပ်ခဲ့ရတာမျိုးပါ လိုအပ်နေတယ် ပိုက်ဆံမရှိဘူးဆို အလကားပေးခဲ့ရတာပေါ့" လို့ ပြောပါတယ်။

ဆေးဝါးမရှိတော့လို့ တလနီးပါး ဘယ်ရွာမှ မသွားခဲ့ရတဲ့ ကာလတွေမှာ ကျေးရွာတွေက သူတို့အဖွဲ့ကို မျှော်နေတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ 

"ကျန်းမာရေးဆရာမကိုမျှော်နေတဲ့ရွာတွေရှိပါတယ် သူတို့ရွာကိုလည်းလာပါအုံးလို့ပြောပေ‌မဲ့ အဲ့ရွာက လူဦးရေအိမ်ခြေများနေသေးလို့ ဆေးလည်းမလုံလောက်သေးလို့ မသွားရသေးပါဘူး၊ တခါတလေ အိမ်ခြေထက် လူနာ‌ဦးရေကပိုများတယ်" လို့ ဆိုပါတယ်။

အဲ့ဒီလို တရွာဝင် တရွာထွက် ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ကူညီစောင့်ရှောက်မှု‌ပေးနေသူတွေက ဒုတိယနှစ်သူနာပြုကျောင်းသား/သူ ၂ယောက် ၊ Diploma of Midwife ပြီးပြီးသား ဆရာမတစ်ယောက် 

ဆေးတပ်သားသင်တန်းပြီးပြီးသား ၁ယောက် နဲ့ ဆေးသင်တန်းသား ၁၂ယောက်ပါဝင်တဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေ ဖြစ်ပါတယ်။

ဆေးသင်တန်းသားတွေဟာ ဆေးတပ်သားသင်တန်းကို အချိန် ၁လကျော်သင်ထားပြီး အရည်အချင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ထားသူတွေ ဖြစ်လို့ ဆေးတပ်သားတွေအဖြစ် သူတို့လည်း တူတူပါဝင်နေတာလို့ ဆိုပါတယ်။

လက်ရှိ သူတိူ့အဖွဲ့မှာ ဆေးဝါးပစ္စည်း လိုအပ်မှု ဆေးပစ္စည်းဝယ်ယူဖို့ ငွေကြေးတွေ လိုအပ်နေပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10