စီပင်ရွာအုပ်ချုပ်ရေးအဖွဲ့က လက်နက်အားကိုးနဲ့ စစ်မှုထမ်းအကြောင်းပြ ရွာထဲမှာလစဥ်ငွေတောင်းနေ

စီပင်ရွာအုပ်ချုပ်ရေးအဖွဲ့က လက်နက်အားကိုးနဲ့ စစ်မှုထမ်းအကြောင်းပြ ရွာထဲမှာလစဥ်ငွေတောင်းနေ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ စီပင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လက်နက်အားကိုးနဲ့ စစ်မှုထမ်းအကြောင်းပြပြီး ရွာသားတွေဆီက လစဥ်ငွေတောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ခဲ့တဲ့ အခုနှစ်ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်းကစပြီး ကျေးရွာဥက္ကဌ ဦးမင်းမင်းဦး၊ ဒုအတွင်းရေးမှူး ဦးဇော်၊ ဦးမောင်မြင့်တို့ ၃ ဦး ဦးဆောင်ပြီး ကျေးရွာပြည်သူ့စစ်တွေအတွက် ထောက်ပံ့ကြေးနဲ့ ပြည်သူ့စစ်မှုထမ်းတွေအတွက်ဆိုကာ ဒေသခံတွေဆီက အဓမ္မ ငွေတောင်းနေခဲ့တာပါ။ 

ဒါ့အပြင် လစဥ်ငွေမပေးနိုင်သူတွေကိုလည်း လက်နက်ပြခြိမ်းခြောက်တာ၊ ကျေးရွာအဝင်လမ်းမှာ ဖွင့်ထားတဲ့ ပြည်သူ့စစ်ဂိတ်မှာ မြက်ပေါက်ခိုင်းတာ၊ ကျင်းတူးခိုင်းတာနဲ့ အမှိုက်သိမ်းခိုင်းတာတွေကအစ ခိုင်းစေတာတွေရှိတယ်လို့ ဆိုပါတယ်။

"သူတို့က လက်နက်ကိုင်တဲ့ ပြည်သူ့စစ်တွေလေ။ လက်နက်အားကိုးနဲ့ ရွာမှာလုပ်ချင်တိုင်းလုပ်နေတာ။ သူတို့ ငွေတောင်းတဲ့ကိစ္စ သတင်းထွက်ရင်လည်း ရွာကိုဒုက္ခပေးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်။ ရွာသားတွေကလည်း သူတို့မှာရှိတဲ့လက်နက်ကိုကြောက်ပြီး ငြိမ်နေကြရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စီပင်ကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ဝင် အင်အား ၂၀ ခန့်ရှိနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ခေါင်းဆောင်ဖြစ်ကာ သေနတ် ၇ လက်ခန့်လည်း ရှိတယ်လို့ ဆိုပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ ပြည်သူ့စစ်တွေအတွက် ထောက်ပံ့ကြေးဆိုကာ တအိမ်ထောင် ၂ သောင်းခွဲကျပ်နှုန်းနဲ့ ပြည်သူ့စစ်မှုထမ်းအတွက်ဆိုကာ တအိမ်ထောင် ၄ သောင်းမှ ၁ သိန်းထိ လစဥ် တောင်းခံလေ့ရှိတယ်လို့ ဆိုပါတယ်။

"ခုအခြေနေမှာ အားလုံးကကြပ်တည်းနေတာ။ တလ တလ သူတို့တောင်းတာပေးနေရတာနဲ့ပဲ သာမန် လက်လုပ်လက်စားတွေမှာ စားဖို့တောင်အနိုင်နိုင်ဖြစ်နေကြတယ်"လို့ ဒေသခံတဦးက ဆက်ပြောပါတယ်။

ကျေးရွာကနေ ကောက်ခံနေတဲ့ငွေတွေဟာ လစဥ်ကျပ်သိန်းရာချီရှိပြီး လက်ရှိမှာ အုပ်ချုပ်ရေးမှူးက ကိုယ်ပိုင်ကားတောင် ဝယ်စီးထားနိုင်နေပြီလို့ သိရပါတယ်။

ဒါ့အပြင် စီပင်ကျေးရွာကနေ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရမယ်ဆိုကာ လူငယ် ၅ ဦးကို အတင်းအကြပ်ထည့်လိုက်သလို နောက်ထပ်လူငယ် ၁၅ ဦးကိုလည်း စစ်မှုထမ်းလိုက်ရမယ်ဆိုတဲ့ အကြောင်းပြချက်ပေး ခေါ်ယူထားပြီးနောက် ငွေကျပ် ၃၅ သိန်းကနေ သိန်း ၅၀ ထိတောင်းယူကာ ပြန်လွှတ်ပေးခဲ့တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ စီပင်ကျေးရွာမှာ တောင်သူလယ်သမားအများစုနေထိုင်ပြီး အဓမ္မ စစ်မှုထမ်းဖို့ခေါ်တာနဲ့ ငွေတောင်းတာတွေကြောင့် လူငယ်အများစုလည်း ရွာမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရလို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း -လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #အုပ်ချုပ်ရေးအဖွဲ့ #ငွေတောင်း #စစ်မှုထမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10