စီပါရွာသတ်ဖြတ်မှု PDF အချင်းချင်းနယ်မြေလုတာကြောင့်ဆိုပြီး စစ်ကောင်စီထောက်ခံသူတွေ သတင်းအမှားဖြန့် (Fact Check)

စီပါရွာသတ်ဖြတ်မှု PDF အချင်းချင်းနယ်မြေလုတာကြောင့်ဆိုပြီး စစ်ကောင်စီထောက်ခံသူတွေ သတင်းအမှားဖြန့် (Fact Check)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ခုတ်ထစ်သတ်ဖြတ်ခံထားရတဲ့ အလောင်း ၆ လောင်းဟာ PDF တွေ အချင်းချင်းနယ်မြေလုရင်း သတ်ဖြတ်ထားတာဆိုတဲ့ သတင်းအမှား စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

 

■ သတင်းအမှားပျံ့နှံ့မှု ■

ဒီဖြစ်စဉ်မှန်ကို အခုမှ သိပြီဗျ၊ အမှန်က ဘုတလင်ဘက်မှာ သူတို့အချင်းချင်း နယ်မြေလု၊ ခေါင်းဆောင်နေရာလုရင်း သတ်ကြဖြတ်ကြတာလို့ သိရပါတယ်။ တော်တော်ရက်စက်ကြတဲ့ ကောင်တွေပါကွာ (မူရင်းရေးသားချက်အတိုင်း)“ ဟုဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၁၃၆,၀၀၀ ကျော်ရှိ Ko Thet တယ်လီဂရမ်ချန်နယ်မှ အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီ ၁၆ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၂ ရက် ဒီနေ့ ညနေပိုင်းအထိ Views(ကြည့်ရှုသူ) ၇၇,၀၀၀ ကျော် Reaction ၄၄၃ ခု ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းမှားဖော်ပြမှု မူရင်းကို အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ko Thet တယ်လီဂရမ်ချန်နယ်မှ သတင်းမှားဖော်ပြမှု - https://archive.ph/IOnmo

ဒါ့အပြင် Ko Thet ချန်နယ်က ဖော်ပြပြီး ၁ မိနစ်အကြာမှာ စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Kyaw Swar တယ်လီဂရမ်ချန်နယ်နဲ့ ၃ မိနစ်အကြာမှာ KO CHIT(MDY) တယ်လီဂရမ်ချန်နယ်တို့က အသီးသီးပြန်လည်မျှဝေဖော်ပြခဲ့ရာ အောက်တိုဘာ ၂၂ ရက် ဒီနေ့ ညနေပိုင်းအထိ Kyaw Swar ချန်နယ်မှာ  Views(ကြည့်ရှုသူ) ၃၃,၃၀၀ ကျော် Reaction ၁,၀၃၅ ခု မှတ်ချက် ၃၀၅ ခု ရှိခဲ့ကာ KO CHIT (MDY) ချန်နယ်မှာတော့ Views(ကြည့်ရှုသူ) ၃,၃၀၀ ကျော် Reaction ၁၇၃ ခု မှတ်ချက် ၁၃ ခု ရှိခဲ့ပြီး ပျံ့နှံ့မှု အားကောင်းခဲ့တာ ဖြစ်ပါတယ်။

Kyaw Swar တယ်လီဂရန်ချန်နယ်မှ သတင်းမှား ထပ်ဆင့်မျှဝေဖော်ပြမှု - https://archive.ph/1h4tj

KO CHIT(MDY) တယ်လီဂရန်ချန်နယ်မှ သတင်းမှား ထပ်ဆင့်မျှဝေဖော်ပြမှု - https://archive.ph/o62sx

အဆိုပါအကြောင်းအရာ လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံမှ ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေပြီး သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■ 

အထက်ပါ အကြောင်းအရာနဲ့ပတ်သက်ပြီး Google မှာ “ဘုတလင် စီပါရွာ” ဆိုတဲ့စာသားနဲ့ ရှာဖွေကြည့်ရာ “မြန်မာနောင်း” သတင်းဌာန website ရဲ့  “စီပါရွာမှ လူ့ငရဲ”ဆိုတဲ့ သတင်းကို တွေ့ရှိခဲ့ရပြီး ဘုတလင်၊ စီပါရွာမှာ စစ်တပ်က ဒေသခံ ၈ ဦးကို ခုတ်ထစ်သတ်ဖြတ်၊ ရွာမီးရှို့သွားကြောင်း စီပါရွာဒေသခံတွေကိုမေးမြန်းကာ ဖော်ပြထားတာကို တွေ့ရှိပါတယ်။

ဒါ့အပြင် ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး လွတ်လပ်သောသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို ရှာဖွေကြည့်ခဲ့ရာမှာလည်း ဘုတလင်၊ စီပါရွာကို စစ်ကောင်စီရဲ့တပ်မ ၃၃ လက်အောက်ခံ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သား ၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း ဖော်ပြထားကြတာကို တွေ့ရှိခဲ့ရပါတယ်။

လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် -

“စီပါရွာမှ လူ့ငရဲ” ခေါင်းစဉ်နဲ့ Myanmar Now သတင်းဌာနမှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ဘုတလင်မှာ အရပ်သားတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံရကြောင်း RFA Burmese မှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၀ ရက် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ စစ်အင်အား ရာချီပါတဲ့ စစ်ကြောင်းတွေ ဝင်ရောက်ပြီးတဲ့ နောက်မှာ အရပ်သား ၂၂ ဦး အသတ်ခံခဲ့ရကြောင်း BBC Burmese မှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက် ရုပ်သံ သတင်းဖော်ပြချက် - ရုပ်သံသတင်းကြည့်ရန်

ဒါကြောင့် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရတဲ့ အလောင်း ၆ လောင်းက PDF တွေ အချင်းချင်း နယ်မြေလုရင်း သတ်ဖြတ်ထားတာဆိုတဲ့သတင်းဟာ သတင်းအမှားတခုသာ ဖြစ်ပါတယ်။

 

■ သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်များအား စိစစ်ချက် ■ 

သတင်းအမှားဖြန့်ဝေနေတဲ့ တယ်လီဂရန်ချန်နယ်တွေကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားတွေနဲ့ သတင်းမှားတွေကို အစဉ်တစိုက် ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေး သားဝါဒဖြန့်နေတဲ့ ချန်နယ်တွေဖြစ်တာကို စိစစ်တွေ့ ရှိရပါတယ်။ 

Ko Thet တယ်လီဂရန်ချန်နယ် - https://archive.ph/WshAG

Kyaw Swar တယ်လီဂရန်ချန်နယ် - https://archive.ph/riU3v

KO CHIT (MDY) တယ်လီဂရန်ချန်နယ် - https://archive.ph/gJUMa

၎င်းချန်နယ်တွေ ယခင်ကဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲမှ Myanmar Fact-checking Network - MFCN က စိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

Ko Thet တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/SWzGB

Kyaw Swar တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/CY5VC

KO CHIT (MDY) တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/VUgeN

 

■ သုံးသပ်ချက် ■

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေအပါအဝင် စစ်ရာဇဝတ်မှုတွေကျူးလွန်ပြီးပါက ၎င်းတို့ တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့မှုကို ဖုံးကွယ်ဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်တာဖြစ်ကြောင်းဖော်ပြလေ့ရှိသလို လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေအစုလိုက်အပြုံလိုက်သေဆုံးမှုတွေမှာလည်း သေဆုံးသူတွေဟာ ပြည်သူတွေ မဟုတ်ဘဲ လက်နက်ကိုင် PDF တွေဖြစ်ကြောင်း စသည်ဖြင့် သတင်းတုသတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ဖြန့်ဝေလေ့ရှိပါတယ်။

အခုဖြစ်စဉ်မှာဆိုရင်လည်း ဘုတလင်မြို့၊ စီပါရွာမှာ အရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့က ခုတ်ထစ်သတ်ဖြတ်သွားကြောင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအပေါ် ဖုံးကွယ်နိုင်ရေး PDF အချင်းချင်း နယ်မြေလု၊ ခေါင်းဆောင်နေရာလုပြီး အချင်းချင်းသတ်ဖြတ်တယ်ဆိုကာ လုပ်ကြံဖန်တီး ဝါဒဖြန့်ရေး သားထားတဲ့ သတင်းအမှားတခုသာ ဖြစ်ပါတယ်။  

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီး ဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကို ကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #ဘုတလင် #စီပါရွာ #စစ်ရာဇဝတ်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10