“သူတို့ကတော့ ကြောက်အောင်လုပ်တာ ဒါပေမယ့် ပြည်သူတွေက အဲ့ဒါတွေကြည့်ပြီးတော့ ပိုပြီးတော့ ဒေါသထွက်လာလေ သူတို့ကို ပြန်ပြီးတော့ သတ်ချင်လေ ဖြစ်လာတာပေါ့။” - စီပါရွာ ဒေသခံနဲ့ အင်တာဗျူး

“သူတို့ကတော့ ကြောက်အောင်လုပ်တာ ဒါပေမယ့် ပြည်သူတွေက အဲ့ဒါတွေကြည့်ပြီးတော့ ပိုပြီးတော့ ဒေါသထွက်လာလေ သူတို့ကို ပြန်ပြီးတော့ သတ်ချင်လေ ဖြစ်လာတာပေါ့။” - စီပါရွာ ဒေသခံနဲ့ အင်တာဗျူး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာက အရပ်သား ပြည်သူ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အပိုင်းပိုင်းဖြတ်တောက် သတ်ဖြတ်ခဲ့ပါတယ်။ အပိုင်းပိုင်းဖြတ်ထားတဲ့ ခြေထောက်၊ လက်နဲ့ ခေါင်းတွေကို စစ်ကောင်စီတပ်သားတွေက နေအိမ်ခြံစည်းရိုးပေါ်မှာ ချိတ်ဆွဲထားတာ၊ လူ့ခန္ဓာကိုယ်ကို ဗိုက်ခွဲကာ အူတွေ၊ အသည်းတွေထုတ်ယူတာတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အသတ်ခံရတဲ့ပြည်သူတွေ ဘယ်လို အဖမ်းခံလိုက်ရတာလဲ၊ စစ်ကောင်စီလက်မှာ ဘယ်လို ရက်ရက်စက်စက် အသတ်ခံလိုက်ရလဲဆိုတာနဲ့ပတ်သက်လို့ အသတ်ခံရတဲ့ အသက် ၇၀ အရွယ် ဦးရာစိန်ရဲ့ တူတော်စပ်သူကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ 

 

မေး။ ။ သေဆုံးသူတွေထဲက ဘယ်သူနဲ့ ဘာတော်စပ်လဲ မိတ်ဆက်ပေးလို့ ရလားရှင့်။

ဖြေ။ ။ ဦးရာစိန်က ကျနော့ ဦးလေးပေါ့ဗျာ၊ သူက ကာလသားကြီးပေါ့၊ အိမ်ထောင်မကျသေးဘူး။ ကျနော်တို့ဘက်ကတော့ ကာလသားလို့ ခေါ်တာပေါ့။ 

 

မေး။ ။ စီပါရွာမှာ ဘယ်လိုဖြစ်သွားလဲ ဖြစ်စဉ်လေး ပြောပြပေးလို့ ရလားရှင့်။

ဖြေ။ ။ ကျနော်တို့က ပြေးပြီးသား၊ ပြေးပြီးသားကို သူက သူတို့(စကစ)မရောက်သေးဘူးထင်ပြီးတော့ စောင်ကို ပြန်ယူလိုက်တာဗျ၊ အိပ်ဖို့ရာအတွက်။ (အဲဒီမှာ)သူတို့နဲ့ ထိပ်တိုက်တွေ့တာ။ လူကလည်း နည်းနည်းကြီးတာဆိုတော့ သူ့စောင်ပြန်ယူတဲ့ချိန် ဘုရားကုန်းမှာ တွေ့တာဗျ။ ဘုန်းကြီးကျောင်းနဲ့ ဘုရားကုန်းနဲ့က ကပ်ကပ်လေးရယ်။

 

မေး။ ။ ဦးလေးဖြစ်သူနဲ့ တခြားသူတွေ ဘယ်လို သတ်ဖြတ်ခံခဲ့ရလဲ။

ဖြေ။ ။ ကျနော့် ဦးလေး ဆုံးတဲ့နေရာရဲ့ အရှေ့နားလေးမှာ ရွာပြင်ဘက်ရောက်နေတဲ့ အိမ်တွေရှိတယ်လေ၊ အဲ့အိမ်ထဲမှာလည်း ၁ ယောက်။ သူကလည်း အဲ့ဒီမှာပဲ မိလို့မို့၊ တွေ့လို့ သတ်ပစ်တာထင်တယ်။ သူတို့ကတော့ ကိုယ့်ကိုယ်ကိုတောင်မှ သန်သန်မြန်မြန် လူတွေ မဟုတ်ကြဘူးလေ။

တွေ့တွေ့ချင်းပဲ သတ်ထားခဲ့လိုက်တာ၊ ကျနော်တို့က သူရဲ့ နှိပ်စက်ခံရတာမျိုး ဘာတို့တော့ မဖြစ်နိုင်ဘူးဗျ။ ဘာလို့ဆို သူရဲ့ ဟိုဟာ(ခန္ဓာကိုယ်ဒဏ်ရာ)က သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူးပေါ့ဗျာ။

တချို့ အဲ့ဒီမှာ ရွာထဲမှာ ခေါင်းကိုဖြတ်ပြီးတော့ သတ်တဲ့သူတွေမှာကတော့ ကျနော့်အထင်ကတော့ နှိပ်စက်ခံပြီးတော့ သူတို့ ရက်ရက်စက်စက်ကို လုပ်သွားတာပေါ့ဗျာ။

 

မေး။ ။ စစ်ကောင်စီတပ်သားတွေက ရွာထဲကို အင်အားဘယ်လောက်နဲ့ ၊ဘယ်လိုပုံစံ ဝင်လာခဲ့လဲ။

ဖြေ။ ။ အင်အားကတော့ ၂၀၀ ဝန်းကျင်လို့ ပြောတယ်ဗျ။ ၂၀၀ ဝန်းကျင်ဆိုတာကတော့ အထင်နဲ့ ပြောကြတာပေ့ါ။ ကျနော်တို့ ပြည်သူတွေကတော့ သူတို့ လာတဲ့ဟာကို ဘယ်လိုမှ တိတိကျကျလည်း မသိဘူးပေါ့။ မပြောနိုင်ဘူးပေါ့။ သူတို့က အဖွဲ့ကတော့ တော်တော်များတယ်ဗျ။ နေရာ ၃ နေရာခွဲပြီးတော့ကို ကျနော်တို့ရွာကို မီးရှို့ဘာညာ လုပ်ကြတာလေ။

လာတာက ၂ ဖွဲ့ခွဲပြီး လာတာပေ့ါ။ ရွာထဲရောက်မှ ၃ ဖွဲ့ခွဲပြီး ရွာကိုမီးတင်တာ။ ပထမ တောင်ကျောင်းဘက် ကနေပြီးတော့ ၁ ဖွဲ့က ဝင်လိုက်တာပေါ့။ ဝင်ပြီးတော့၊ ၁ ဖွဲ့က အရှေ့ဘုရားကုန်းဘက် ဘောလုံးကွင်းဘက်ကနေ ဝင်တယ်ပြောတယ်။

ကျနော်တို့က ကျနော်တို့နားလေးမှာ ဖြစ်ထားကတည်းက ကျနော်တို့ရွာဟာ သေချာပေါက် အနည်းဆုံးတော့ မီးကတော့ ရှို့ခံရမယ်ဆိုတာ အားလုံးကတော့ ထင်ထားပြီးသားပေါ့၊ တွက်ပြီးသားပေါ့ဗျာ။ ကျနော်တို့ ရွာ တော်တော်များများလည်း ရွာထဲရှိတဲ့ ကုန်စည်တို့၊ ကျန်တဲ့စားစရာ၊ သောက်စရာတွေတို့ တခြားဝေးတဲ့နေရာမှာ ရွှေ့ထားကြတာပေါ့ဗျာ။

တချို့နေရာတွေမှာလည်း ဒါမျိုးပဲ ကြုံတွေ့ခဲ့ရတာဆိုတော့ ကျနော်တို့ဆီကလည်း ကြားဖူးနားဝရှိတယ်။ တချို့နေရာတွေမှာလည်း ဒီလိုပဲ ဖြစ်ပြီးရင် သူတို့ဘက်ကနေ အကျဆုံးများလို့ရှိရင် သူတို့က ဘယ်နည်းနဲ့ဖြစ်ဖြစ် ရွာကတော့ ဒုက္ခပေးမှာပေါ့။ အဲ့လိုမျိုး ကြိုတွက်ထားတဲ့သူတွေလည်း အများကြီးပေါ့။

 

မေး။ ။ စစ်ကောင်စီစစ်ကြောင်းထွက်သွားလို့ အကိုတို့ စီပါရွာထဲကို ပြန်ဝင်ချိန် ဘာတွေမြင်ခဲ့လဲ၊ ဘယ်လိုအနေထားတွေနဲ့ တွေ့ခဲ့လဲ။ 

ဖြေ။ ။ ကျနော်က ပုံတင်မဟုတ်ဘူးဗျ၊ လက်တွေ့ပါ အဲ့မှာ ဝင်ရတဲ့အချိန်မှာ သူတို့(စကစ)အဖွဲ့တွေ စိုင်ပြင်ကို ရောက်တဲ့ အချိန်မှာ ရွာထဲကို ကျနော်တို့ ဝင်ကြည့်ကြတယ်။

ကျနော်တို့သွားတဲ့ချိန်မှာ ကာကွယ်ရေးတို့၊ ဘာတို့ နည်းနည်းပါးပါးရှိတယ်ပေါ့၊ ဒါပေမယ့် သူတို့တောင် မရောက်သေးပါဘူး။ ကျနော်တို့အရင် ပြည်သူတွေနဲ့ အရင်ရောက်တဲ့ အချိန်မှာ အဲဒီ ရက်စက်ပါတယ်၊ လုပ်တာကတော့၊ ခေါင်းဖြတ်ပြီးတော့ အဲ့ ၃ ယောက်ကတော့ တော်တော်ကို ရက်စက်တယ်။ ခေါင်းတွေ၊ ခြေထောက်တွေဖြတ်၊ လက်တွေဖြတ်ပြီးတော့ ရင်ခွဲပြီးတော့ မီးရှို့ထားတာဗျ။ 

အဲဒီမှာ ခေါင်းနဲ့ခန္ဓာကိုယ်နဲ့က တခြားစီဗျ။ အဲ့ဒီ လမ်းအနောက်ဘက် အိမ် ၁ အိမ်မှာ သူတို့ ဝန်းထရံမှာ ခေါင်း ၃ လုံးနဲ့ ခြေထောက်၊ လက်ထောက်တွေ ဖြတ်ထားတဲ့ဟာတွေက ဝန်းထရံတွေကြားမှာ ညှပ်ထားတယ်။ ခန္ဓာကိုယ် ၃ လုံးကတော့ အရှေ့ဘက် အိမ်ထဲမှာပဲ ထားထားတယ်။ ခန္ဓာကိုယ် ၃ ခုမှ နောက်ဆုံး ခန္ဓာကိုယ်ကတော့ ဘာမှ ရစရာကို မရှိတော့တာ။ ဘာလို့လဲဆိုတော့ ပုပ်နေတာဆိုတော့ ခွေးတွေဆွဲထားတာ အရိုးချည်းပဲ ရှိတော့တာ။

ရွာလယ်ကောင် ရှေးတုန်းက အုတ်တိုက်ကြီးရဲ့ တောင်ဘက်မှာ၊ ပြောရရင် ကျတော်တို့ရွာ ဒေါ်ခင်ညွန့်ဆိုတဲ့ အုတ်တိုက်ကြီးပေါ့ဗျာ၊ နဂိုတုန်းက လူတွေကတော့ မရှိကြတော့ဘူး။ အဲ့ဒီအုတ်တိုက်ဟောင်းကြီးရဲ့ တောင်ဘက်က ကိုပေါက်တူးရဲ့ ယောက္ခမ ဦးကျော်လှိုင်အိမ် စည်းရိုးပေါ့ဗျာ။ အဲ့မှာ ခေါင်း ၃ လုံးနဲ့ ခြေထောက်၊ လက်ထောက်တွေ ဖြတ်ပြီးတော့ ချိတ်ထားတယ်။

အဲဒီ ဒေါ်မြတ်လေးအိမ်မှာတော့ ခန္ဓာကိုယ်ချည်းပဲ ၃ ခု၊ အဲ့ဘက်မှာတော့ မီးရှို့ရင်ခွဲပြီးထားခဲ့တဲ့ဟာပေါ့ဗျာ။

 

 မေး။ ။ အလောင်းတွေကို ရွာရဲ့ ဘယ်အပိုင်းတွေမှာ တွေ့ခဲ့ရလဲ။

 ဖြေ။ ။၂ ယောက်ကတော့ ဘုရားကုန်းရဲ့အရှေ့ဘက်က တယောက်က ကိုမင်းဝေတို့ရဲ့ ဝန်းထဲမှာပေါ့၊ မီးရှို့သတ်ထားတာ။

ကျနော့် ဦးလေးကတော့ ဘုရားကုန်း အနောက်ဘက်မှာ ဒီတိုင်းပဲ သူတို့ ပစ်သတ်လိုက်တာ။ ကျနော်တို့ သိရသလောက်ကတော့ မြောက်ဝန်းထဲကဟာကတော့ တိတိကျကျ ဘယ်သူဘယ်ဝါလို့ မပြောနိုင်ဘူး၊ ပဲစဉ်းငုံဝန်းထဲမှာလည်း ၁ ယောက်၊ စုစုပေါင်း ကျနော်တို့တွေ့ခဲ့တာ ၆ ယောက်ဗျ။

ကျနော်တို့ ခေါ်တာကတော့ ဥသျှစ်ချောင်လို့ ခေါ်တာပေါ့၊ ရွာအပြင်ဘက်ကျသွားပြီပေါ့၊ ရွာအစွန်က အိမ်ရဲ့ ပဲစဉ်းငုံခင်းထဲမှာ ထွက်ပြေးလို့လား မသိဘူး ပစ်သတ်ထားတာ။

အမှန်ကတော့ ကျနော်တို့ သိရသလောက်ကတော့ ရွာအပြင်ဘက်ကကျတော့ သူတို့ထွက်ရင်းနဲ့ ရှို့ရင်းနဲ့ ပြေးလို့ ပစ်သတ်တာထင်တာပေါ့။ တချို့ကတော့ ပြောတာတော့ ဓားစာခံတွေထဲကနေ ထွက်ပြေးလို့ ပစ်တာလားပေါ့၊ အဲလူကတော့ သဲသဲကွဲကွဲ ကျနော်တို့ရွာမှာ လူကလည်း မစုံကြသေးတော့ ဘယ်သူဘယ်ဝါဆိုတာလည်း  မပြောနိုင်သေးဘူးပေါ့ဗျာ။

 

မေး။ ။ သတ်ဖြတ်ခံရတဲ့ ရွာသားတွေက အရှင်လတ်လတ် သတ်ဖြတ်ခံခဲ့ရတာလား၊ ဘယ်လိုအနေထားမျိုး ယူဆလို့ရလဲ။

ဖြေ။ ။ ကျနော်တို့အထင်ကတော့ အရှင်လတ်လတ် လုပ်ခဲ့တာလို့ ထင်တယ်ဗျ၊ ထောင့်ဆုံး ခေါင်း‌ ၁ ခေါင်းက မျက်နှာကို ဓားနဲ့မွှန်းထားတာ ပါတယ်ဗျ။ မျက်နှာ ဘယ်ဘက်ခြမ်းမှာ ဓားနဲ့မွှန်းထားတဲ့ဟာပါတယ်။ ကျနော့်အမြင်ကတော့ သူတို့က လူသားစာနာမှု မရှိဘူးပေါ့ဗျာ။ မရှိပေမယ့် ဘာကြောင့် လုပ်သလဲ ကျနော်တို့တွေးကြည့်သလောက်ကတော့ သူတို့က ဆေးသုံးပြီး လုပ်တာလို့ ပြောတယ်။ အဲ့လိုပြောသံတော့ ကြားတယ်။ 

 

မေး။ ။ ဓားစာခံဖမ်းဆီးခံရပြီး လွတ်မြောက်လာတဲ့သူက ဘာတွေ ပြောပြခဲ့လဲ။

ဖြေ။ ။ ထွက်ပြေးလာတဲ့ လွတ်လာတဲ့ ကောင်မလေးတယောက် ရွာရှည်ဘက်ကနေ ဖမ်းလာတဲ့ဟာရှိတယ်လေ၊ ဓားစာခံခေါ်လာတဲ့ဟာ။ ရွာကျမှ ပြန်လွှတ်ပေးလိုက်တယ် ကြားတယ်။

သူပြောပြပုံအရတော့ စစ်ကြောင်းမှူးအလိုကတော့ သဘောကောင်းတယ်တဲ့။ အဲ့မှာ ဝါသဝရဲ့ ပျူသားပေါက်က အဆိုးဆုံးတဲ့ အဲ့လိုပြောပြတာပေါ့။ သူတို့က မီးရှို့၊ လူသတ်၊ မုဒိန်းကျင့်တဲ့သူတွေပေါ့။ အဲ့လိုတွေပြောပြတယ်။ သူတို့က အထက်ကနေမှ တခါထဲ ညွှန်ကြားခဲ့လို့မို့ ဆိုပြီးတော့ ကျနော်သိရသလောက်တော့ အဲ့လိုပြောတယ်ဗျ။ 

အထက်က ညွှန်ကြားတာ ဝါသဝလူတွေကကျတော့ ဆေးစားပြီးတော့ကို ရက်ရက်စက်စက်ကို လုပ်တာ။ (ရွာရှည်က လွတ်လာသူ)သူကတော့ (လူသတ်မှုကို) မတွေ့လောက်ဘူးဗျ။ ကျနော်တို့ရွာရောက်ပြီးတော့ ဘုန်းကြီးကျောင်းမှာ တပ်စွဲတဲ့အချိန်မှာ လွှတ်ပေးတာထင်တယ်။ သတ်ဖြတ်မှုတွေကို အဲ့ကောင်မလေး မတွေ့ရလောက်ဘူးဗျ။

 

မေး။ ။ အလောင်းပုံတွေထဲ ၁ ယောက်က လျှာထွက်ပြီး သေဆုံးနေတာလား၊ ပါးစပ်ထဲကို တခုခု တပ်ပေးထားတာလား။

ဖြေ။ ။ ကျနော်လည်း ဇိုးကနဲ ဇတ်ကနဲ ကြည့်လိုက်တဲ့အချိန်မှာ လျှာထွက်နေတယ်ထင်ခဲ့တာဗျ။ ကျနော်လည်း အနီးကပ်ကြည့်တဲ့အချိန်မှာ အဲ့လိုမဟုတ်ဘူးတဲ့။ ပြောတာတော့ သူတို့ရဲ့ အင်္ဂါကို ဖြတ်ပြီးတော့ ပါးစပ်ထဲ ကို တပ်ထားတာ။ ခေါင်း ၃ လုံးမှာ အလယ်ခေါင်းပေါ့ဗျာ၊ အလယ်ခေါင်းက အဲ့ဒီဟာဖြစ်တာဗျ။ ဟိုးဘက် မြောက်ဆုံး ခေါင်းကကျတော့ နည်းနည်းလေး ခွဲထားတာပေါ့ဗျာ။

 

မေး။ ။အရိုးတွေချည်းပဲ ကျန်တဲ့ အလောင်းက ဘယ်လိုဖြစ်တာလဲ။

ဖြေ။ ။ မြောက်ဆုံးက အလောင်းက ခွေးတွေ ဆွဲစားထားတာ။ ကျနော့် လက်တွေ့ပ၊ ကျနော်တို့သွားကြည့်တဲ့အချိန်မှာ အဲ့မြောက်ဆုံးအလောင်းက ဘာမှ သိပ်မကျန်တော့ဘူး၊ အရိုးပဲ ကျ‌န်တော့တာလေ။

ကျနော်တို့ လူငယ်လေးတွေ ၄၊ ၅၊ ၆ ယောက်လောက် သွားကြည့်တဲ့အချိန်မှာ အနံ့တွေကလည်း ထွက်နေပြီ။ အဲ့ကျတော့ အဲ့မြောက်ဆုံးကအလောင်းက ခွေးတွေ ဆွဲစားနေတာ၊ အူကြီးဆိုလို့ရှိရင် အတော်အရှည်ကြီးပဲ တန်းလန်းကြီးကျနေတာ။

 

မေး။ ။ အလောင်းပုံတွေ မြင်ပြီး ဘယ်လိုယူဆလဲ။

ဖြေ။ ။ တော်တော်ကို ရက်စက်ထားတာပါ။ ရင်ခွဲပြီးတော့ ကျနော်တို့ ရွာကဟာ‌တွေကို စိတ်ခြောက်ခြားအောင် လုပ်သွားတာပေါ့။ နောက်ဒါမျိုးမဖြစ်အောင်ပေါ့။ ကျနော်တို့နားလေးမှာ သူတို့အဖွဲ့ တပ်ရင်း ၁ ရင်းလုံးကို ဆုံးရှုံးသွားတဲ့အနေထားဆိုတော့ သူတို့က ဒီမှာနောက်ထပ် ထပ်လုပ်ရင် ဒါမျိုးထပ်ဖြစ်မယ်ဆိုတဲ့ နမူနာကို သူတို့ပေးတာဗျ။

ပေးတယ်ဆိုပေမယ့် သူတို့ပေးတဲ့ပုံစံတွေက ကျနော်တို့ ပြည်သူတွေကို ပိုပြီးတော့ ဒေါသထွက်အောင်လို့ စိတ်ဓာတ်တွေ သူတို့ဘက်ကို အလွန့်အလွန် မုန်းတီးအောင်လို့ ဆက်ပြီးတော့ လုပ်လိုက်တဲ့အတိုင်း၊ သူတို့ကတော့ ကြောက်အောင်လို့ လုပ်တာ ဒါပေမယ့် ပြည်သူတွေက အဲ့ဒါတွေကြည့်ပြီးတော့ ပိုပြီးတော့ ဒေါသထွက်လာလေ၊ သူတို့ကို ပြန်ပြီးတော့ သတ်ချင်လေ ဖြစ်လာတာပေါ့။

 

မေး။ ။ ရွာသားတွေရဲ့ စိတ်ခံစားချက်‌တွေကရော ဘယ်လိုရှိကြလဲ။

ဖြေ။ ။ ကျနော်တို့ရွာ ပြည်သူတွေ တော်တော်များများက ရွာမှာ မီးဝင်ရှို့နေတဲ့အချိန်မှာ ဒီဟာကို ဘာလို့ မတိုက်ကြတာ တုန်းပေါ့ဗျာ။ ကိုယ့်ရွာမှာ မီးရှို့နေတယ် ဘာကြောင့် အဲ့လို လက်လွတ်စပယ် ကြည့်နေကြတာတုန်းပေါ့။

ပြည်သူတွေရဲ့ စိတ်ခံစားမှုပေါ့ဗျာ။ ပြည်သူတွေက ကိုယ့်ရွာကို မီးရှို့နေတယ်၊ ကိုယ့်ဘက်ကနေပြီးတော့ တုံ့ပြန်မှုတွေ မလုပ်တော့ တဖြည်းဖြည်းနဲ့ နည်းနည်းတော့ ကြောက်ကြောက်လာတာပေါ့ဗျာ။ နောက်များ ဒီလိုမျိုးသာဆိုရင် ကိုယ့်ဘက်က ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အတွေးတွေတော့ တွေးလာတာပေါ့။ 

 

မေး။ ။ ရွာသားတွေကရော ကာကွယ်ရေးတပ်တွေကို မုန်းတီးသွားတာမျိုး၊ တိုက်ပွဲတွေ မဖြစ်စေချင်တော့တာမျိုးတွေရော ရှိလား။

ဖြေ။ ။ ရှိတယ်ဗျ၊ ကျနော်တို့ရွာမှာတော့ အင်အားဆိုတာတော့ သိပ်မရှိဘူး၊ ဘေးကနေပြီးတော့ အဖွဲ့ပေါင်းစုံက ဝိုင်းတိုက်ကြတာပေါ့ဗျာ။ အဲ့တုန်းက ပထမဖြစ်စဉ်တုန်းက။ ဝိုင်းတိုက်ကြတဲ့အချိန်မှာ သူတို့က တာဝန်ယူမှု၊ တာဝန်ခံမှု နည်းသွားတာပေါ့ဗျာ။ ဖြစ်သွားတဲ့အနေထားမှာ လက်နက်၊ ခဲယမ်းမီးကျောက်တွေကို သူတို့ယူသွားတယ်။ အခုဒီမှာ ဖြစ်လိုက်တော့ ဒီလိုဖြစ်နေတယ်ဆိုတော့ ပြည်သူတွေက ဘာလို့သူတို့က လာပြီးတော့ မတိုက်ကြတာတုန်းပေါ့ဗျာ။ အဲ့လို စကားသံလေးတွေ ရှိတာပေါ့ဗျာ။

 

မေး။ ။ ရွာကို စစ်ကြောင်းဝင်တာ ဘယ်နေ့က စဝင်တာလဲ။ 

ဖြေ။ ။ ဗမာလိုပြောရင် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့က ဝင်တာပေါ့ဗျာ။ ၁၅ ရက်နေ့ မနက်ခင်းမှာ စလုပ်တာပေါ့။ လပြည့်နေ့ပါပဲ။ ဝင်ဝင်ချင်းကတော့ သူတို့ တောင်ကနေ မီးစတိုက်တယ်၊ လပြည့်နေ့မှာကျတော့ တော်တော်များများကို ရှို့တော့တာပဲ။

ပြည်သူတွေက လပြည့်နေ့မှာ (အသတ်ခံရ) ဖြစ်ဖို့များတယ်။ တော်တော်ကို ရစရာမကောင်းတော့ဘူးလေ။ ကျနော်တို့ လပြည့်ကျော် ၁ ရက်နေ့လောက်မှာ ဆိုလို့ရှိရင်တော့ နည်းနည်းတော့ ဟိုဟာလုပ်ဦးမှာပေါ့ဗျာ။ ခုက အနံ့သက်တွေက တော်တော်ဟိုဟာလုပ်ပြီးတော့ မီးရှို့သတ်ထားတာဆိုတော့ ရုပ်ပျက်ဆင်းပျက်တွေလည်း ဖြစ်နေတာဆိုတော့ ကျနော်တို့က ၂ ရက်နေ့(လပြည့်ကျော် ၂ ရက်)မှာ ရွာထဲကို ဝင်ကြည့်တာပေါ့ဗျာ။

၁ ရက်နေ့ကကျတော့ နောက်ချန်နဲ့ နေခဲ့သေးခဲ့သေးတယ်ပေါ့။ နောက်ချန် ကျန်သေးတယ်ဆိုပြီး သတင်းရလို့မို့ ၁ ရက်နေ့က မဝင်ခဲ့နိုင်ဘူး။ ၂ ရက်နေ့ကျမှ ဝင်ရတာ။

 

မေး။ ။ သတ်ဖြတ်ခံခဲ့ရတဲ့ ရွာသားတွေရဲ့ နာရေးကို ဘယ်လိုပုံစံ လုပ်ဆောင်ပေးခဲ့လဲ။ 

ဖြေ။ ။ စောစောပိုင်းကတော့ ကျနော့်ဦးလေးကို ဘုရားကုန်းမှာ ကြုံတဲ့နေရာမှာ တူးပြီးတော့ မြှုပ်ကြတာပေါ့ဗျာ။ မြှုပ်တော့  ကျနော်တို့ရွာက အယူလည်းသီးတယ်၊ အယူဆက ဥပါဒါန်ကြောင့် ဥပါဒ်ရောက်မှာစိုးလို့ ဆိုပြီးတော့ ဘုန်းကြီးတွေ ရဟန်းဒကာတွေတောင်မှ အဲ့မှာ မြှုပ်လို့ မရဘူးပေါ့ဗျာ။ အဲ့လိုကျတော့ တခါပြန်ဖော် ပြီးတော့ သုဿာန်ပဲ သွားမြှုပ်ရတယ်။

 

မေး။ ။ ကျန်ရစ်သူ မိသားစုဝင်တွေရဲ့စိတ်ပိုင်းဆိုင်ရာ အခြေနေကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျနော်တို့ ခုမြင်နေရတဲ့ မြင်ကွင်းကျတော့ လက်တွေ့ကျကျ မြင်လာတာဆိုတော့ မကြည့်ရက်တော့ဘူးဗျ။ ဒီလိုမျိုးလည်း တခါမှ မကြုံဖူးခဲ့ဘူး။ တချို့နေရာတွေမှာ မီးရှို့တယ်၊ လူသတ်တယ်ဆို ပစ်သတ်တာလောက်ပဲ ကျနော်တို့ တွေ့ခဲ့မြင်ခဲ့ရတာဆိုတော့ ဒါမျိုးပုံစံလည်း မမြင်ခဲ့ဖူးတော့ ရင်ထဲလည်း မကောင်းဘူး။ နည်းနည်းလည်း  ခံပြင်းစိတ်လည်း ရှိတာပေါ့ဗျာ။

 

မေး။ ။ ကိုယ်တိုင် သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေ တွေ့ခဲ့ရတော့ စိတ်အခြေနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျနော်ကတော့ ဘုန်းကြီးကျောင်းမှာနေတာ။ ဘုန်းကြီးကတော့ အားပေးပါတယ်။ ဒါသူ့ရဲ့ နေ့နာမ်က ဒါနဲ့ ဒါပါလာလို့ သူတို့မှာဖြစ်တာပေါ့။ ဘာမှသိပ်မတွေးနဲ့။ မီးလောင်တဲ့ သူတွေလည်း ဘာမှသိပ်မတွေးနဲ့ ဒီထပ်လောင်ရင် နောက်ထပ် ဒီထပ်ကြီးကြီး တိုက်ကောင်းကြီးတွေ ဘာတွေ ဆောက်ရမှာဆိုပြီးတော့ ဘုန်းကြီးက အားပေးစကားနဲ့ တရားပြခဲ့တာဆိုတော့ နည်းနည်းတော့ စိတ် ခံသာမှုတော့ ရတာပေါ့။

 

မေး။ ။ ရွာသားတွေအနေနဲ့ လက်ရှိ ဘယ်လိုစိတ်အခြေနေ ဖြစ်နေကြလဲ။

ဖြေ။ ။ ကျနော်တို့က အခုဆိုရင် ရွာသူရွာသားတွေဆိုလို့ရှိရင် အဓိကရည်ရွယ်ချက်ကတော့ စစ်ကောင်စီထက် အဲ့ဝါသဝပျူဆိုတဲ့ ပျူသားပေါက်တွေကို အကယ်၍များမိခဲ့ရင် တွေ့ခဲ့ရင် ၁ ယောက်ပဲရရ ၂ ယောက်ပဲ ရရ စီပါအတွက် ချန်ထားပေးပါဆိုပြီးတော့ သူတို့ကနေ တောင်းဆိုတယ်။ တကယ်လည်း ကိုယ့်ရွာသူ ကိုယ့်ရွာသား ဆုံးရှုံးခဲ့တဲ့အနေထားမှာ လူတိုင်းကတော့ မျိုးချစ်စိတ်ဆိုတာ ရှိတာပေါ့ဗျာ။

 

မေး။ ။ ခေါင်းဖြတ် သတ်ဖြတ်ခံရတဲ့ ဦးတင်လှိုင်ဆိုတာ  သေဆုံး အလောင်းတွေထဲမှာ ဘယ်အလောင်းလဲ၊ သူကရော ဘယ်လိုသတ်ဖြတ်ခံခဲ့ရတာလဲ။

ဖြေ။ ။ မြောက်ဆုံးက ခေါင်းလေးတလုံးတည်း ကွဲနေတာက ဦးတင်လှိုင်ဗျ။ ဦးတင်လှိုင်ဆိုတာကလည်း ကျနော်တို့ ငယ်ငယ်လေးထဲက ထိန်းသိမ်းစောင့်ရှောက်လာတဲ့ ကျနော်တို့ ဦးကြီးကျတာပေါ့။ သူကလည်း ကျနော်တို့နဲ့ အမျိုးမကင်းဘူးလေ။ နည်းနည်းတော့ လှမ်းပါတယ်။ ငယ်ငယ်လေးထဲက ကျနော်တို့ကို သူ့သမီးက စာပြပေးတယ်၊ ကျနော်တို့ ၉ တန်း၊ ၁၀ တန်းထိ စာသင်ပေးတယ်။ အတူတူနေလာတော့ ကျနော့် ဦးကြီးလိုပေါ့ဗျာ။ ကျနော်တို့ ရပ်ကွက်နဲ့ နီးတယ်၊ ကျနော်တို့အိမ်နဲ့က မကွာဘူးဗျ။ 

တကယ်တမ်းတော့ ပြောပုံအရဆို သူကလည်း လွတ်ပြီးသား။ သူကလည်း တကယ်တမ်း ပြောရရင် စိတ်ဓာတ်က လူကြီးသာ၊ လူကြီး  သူတို့က ၈၈ အရေးခင်းတုန်းကထဲက သူတို့က အဲ့လိုမျိုးတွေ လုပ်ခဲ့ဖူးတယ်လေ။ သူက ရွာထဲကို သတင်းထောက်သွားဦးမယ်ဆိုပြီးတော့ ပြန်တာဗျ၊ ပြန်တာဆိုတော့ သူက သိပ်သန်သန်မြန်မြန် မဟုတ်ဘူးဗျ။ တောင်ဝှေးလေးနဲ့ ထောက်သွားရတာ။ 

အဲ့မှာ ဘုန်းကြီးကျောင်း ဩဇာပင်ကျောင်းပေါ့ဗျာ။ စောစောကပြောတဲ့ ဥသျှစ်ချောင်က ဩဇာပင်ကျောင်းမှာ ရောက်သွားတဲ့အချိန်မှာ ‌ကျောင်းထိုင် ဦးဥတ္တမလို့ခေါ်တာပေါ့၊ အဲ့ဆရာတော်ဆီ ရောက်တဲ့အချိန်မှာ ခွေးတွေက အရင်ရောက်နှင့်ပြီး သူနဲ့တန်းမိတော့ ဘုန်းကြီးဆီက ဖုန်းကိုတော့ စွန့်ပါဦးဘုရားဆိုပြီးတော့ ဘုန်းကြီးကိုတော့ ခေါ်မသွားဘူး၊ ဦးလေးကြီးကိုတော့ ခေါ်သွားတယ်။ ဘုန်းကြီးကတော့ ပြောတယ် ထားခဲ့ပါ အသက်လည်း ကြီးတော့တာပဲ။ မရဘူး ခေါ်ရမှာပဲဆိုပြီးခေါ်သွားတာ။

အခုဟာက သေခဲ့တဲ့သူဆိုလို့ တောင်စွန်းက ခေါင်းတခေါင်းပဲ သန်သန်မြန်မြန် ၁ ယောက်ရှိတာ။ ကျန်တဲ့သူတွေဆိုတာ သူတို့ကို သူတို့မှ မနည်း။ ကျနော့်ဦးလေးဆိုလို့ရှိရင်လည်း တောင်ဝှေးနဲ့ ထောက်သွားပြီးတော့ သူ့ခမျာ ကျနော်တို့ တောဘက်ထိ လာလို့ရှိရင်ကို မောနေတာ။ ဆိုင်ကယ်တို့ ဘာတို့လည်း မစီးနိုင်ဘူး။ ကျနော်က သူ့ကို ရှောင်ဖို့တိမ်းဖို့ ဆိုင်ကယ်နဲ့ခေါ်မယ်လုပ်တော့ ဆိုင်ကယ်ကျ မစီးနိုင်တော့ သူ့ဘာသူ ခြေလျင်ပဲ သွားရတာဆိုတော့ အဆင်က မပြေချင်ဘူးဗျ။ သူကတော့ ၇၀ ဝန်းကျင်လောက်တော့ရှိပြီ။

အိမ်ထဲမှာ မီးရှို့သတ်ထားတဲ့လူဆိုလို့ရှိရင် ဘုန်းကြီးကျောင်းမှာပဲ နေပြီးတော့ သူ့ရဲ့မွေးပေါက်ဖော်တွေတော့ ရှိတာပေါ့။ သူက ဘုန်းကြီးကျောင်းမှာပဲ နေတယ်။ ဘုန်းကြီးကျောင်း ဝေယျာဝစ္စလုပ်ပြီးတော့ပေါ့ဗျာ။ တကယ့် တကယ်ကျလည်း မသန်စွမ်းကျပါဘူး။ ကလေး ၁ ယောက်ရဲ့ အားလောက်တောင် မရှိပါဘူး။

 

မေး။ ။ မျက်နှာမှာ လှီးဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ဦးခေါင်းပြတ်ကရော ဘယ်သူလဲ။

ဖြေ။ ။ ကျနော်တို့ ယူဆတာကတော့ သက်အောင်လို့ ယူဆထားတာဗျ။ သက်အောင်ဆိုတာကတော့ အသက် ၄၀ ဝန်းကျင်ပဲဗျ။ ရှိလို့ရှိရင် ၄၁၊ ၄၂ပေါ့ဗျာ အဲ့လောက်ပဲ ရှိတာဗျ။

 

မေး။ ။ အလယ်က အမျိုးသားအင်္ဂါကို ပါးစပ်ထဲ တပ်ခံထားရသူက ဘယ်သူလဲ။

ဖြေ။ ။ သူတို့ တူမတွေ ပြောပုံအရတော့ ဦးကြောင်ပိုမှ ဦးကြောင်ပိုပေါ့ဗျာ။  ဦးကြောင်ပိုရဲ့ တူမတွေလည်း လာကြည့်တယ်ဗျ။ လာကြည့်တယ်ဆိုတော့ သူတို့ကလည်း ဒါတွေကို မြင်ပြီးတော့ သူတို့စိတ်ထဲမှာ မကောင်းဘူးပေါ့ဗျာ။ သွားပြီးတော့ နောက်ပိုင်း ပြန်လာခဲ့ကြတာပါပဲ။ ဒီဘက်ထွက်ခဲ့ကြတာပဲ။ ကျန်တဲ့သင်္ဂြိုဟ်တာ ဘာညာကတော့ ကျနော်တို့ ရွာက ကလေးတွေနဲ့ပဲ သင်္ဂြိုဟ်ပြီးတော့ ဦးဇင်း ၁ ပါး ပါတယ်။ ဦးဇင်း ၁ ပါးကနေ သရဏဂုံ တင်ပေးရတာပေါ့။

 

#မြေလတ်အသံ

#အင်တာဗျူး #စီပါရွာ #ဘုတလင် #အရပ်သား #သေဆုံး 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10