သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းကာ ၁၄ ဦးကို ချက်ချင်း သတ်ပစ်လိုက်ကြတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ အရပ်ဝတ်တွေနဲ့ စုန်းချောင်းကျေးရွာသို့ ဇူလိုင် ၂၁ ရက် ဒီနေ့ မနက်စောစော ၂ နာရီခန့်မှာ စီးနင်းဝင်ရောက်ခဲ့ကာ အမျိုးသား ၃၀ ခန့်ကို ဖမ်းဆီးပြီး ၁၄ဦးကို ချက်ချင်းသတ်ပစ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
အသတ်ခံရသူတွေထဲမှာ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်အပါအဝင် ရဲဘော် ၆ ဦးနဲ့ ပြည်သူ ၈ ဦး စုစုပေါင်း ၁၄ ဦးအသတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
"ပကဖခေါင်းဆောင်ကို အရင် သတ်တယ်။ သူ့ကိုကယ်ဖို့လာတဲ့ ပကဖ ၃ ယောက်လည်း အသတ်ခံရတယ်။ အကုန်လုံးကို ခေါင်းဖြတ်သတ်သွားတာ။ အလောင်းတွေကိုတော့ လမ်းဘေးတွေ၊ အမှိုက်ပုံတွေနားမှာ တွေ့ရတာ" လို့ ယင်းမာပင် PDF ရဲဘော်တဦးက ပြောပါတယ်။
လက်ရှိမှာ အဖမ်းခံလိုက်ရသူ ၃၀ဦးအထဲက ၁၄ဦးရဲ့အလောင်းကို ပြန်တွေ့ရပေမယ့် ကျန်တဲ့သူတွေကိုတော့ ဘယ်နေရာကိုခေါ်သွားပြီး ဘယ်နေရာမှာ သတ်သွားလဲဆိုတာကို မသိရှိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
“ရဲဘော်တွေက ညကင်းပတ်တဲ့အချိန် မိုးကလည်းရွာနေတော့ အလစ်ငိုက်ဖြစ်သွားတာပေါ့။ ရွာထဲတင် ကင်းသမားတွေနဲ့တွေ့တာ။ သူတို့က အရပ်ဝတ်တွေနဲ့လာတော့ ကိုယ့်လူလား မသဲကွဲဘူးဖြစ်သွားတာ” လို့ နယ်မြေရှင်းလင်းရေးသွားခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။
စုန်းချောင်းကျေးရွာမှာ တောင်ရွာ၊ မြောက်ရွာ၊ အရှေ့ရွာ၊အနောက်ရွာဆိုပြီး အပိုင်း ၄ပိုင်းခွဲထားကာ စစ်ကောင်စီတပ်က တရွာလုံးကို မွှေနှောက်ခဲ့တာကြောင့် ပကဖ၊ PDF တွေရဲ့ လက်နက်တွေကိုပါ အသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ နေအိမ်တချို့ကို မီးရှို့ပြီး တိတ်တဆိတ်ပြန်ထွက်သွားတဲ့အတွက် ထိတွေ့မှု မဖြစ်လိုက်ဘဲ အခုလက်ရှိမှာတော့ ဒေသကာကွယ်ရေးအဖွဲ့တချို့ ကျေးရွာထဲကို နယ်မြေရှင်းလင်း ရေးလုပ်ဆောင်ကာ သေဆုံးအလောင်းတွေကို သယ်ထုတ်လာခဲ့ပြီး မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ပါတယ်။
စုန်းချောင်းရွာဟာ မတ်လတုန်းက ရာထူးကနေ ဖြုတ်ချခံလိုက်ရတဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ ဇာတိရွာဖြစ်ပြီး ဧပြီ ၂ ရက်မှာ မိသားစုဝင်တွေကို စစ်တပ်က လာရောက်ခေါ်ဆောင်သွားကာ ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ မိသားစုဝင်တွေရွာမှာ မရှိတော့မှ အခုလို စစ်ကောင်စီက စုန်းချောင်းရွာကို ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးတာဖြစ်တယ်လို့ သိရပါတယ်။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #စုန်းချောင်းရွာ #စစ်ကောင်စီ #တိုင်းမှူးဟောင်း #ဗိုလ်ချုပ်မြတ်သက်ဦး
Share Share Share