စုပေါင်းရုံးထဲမှာ တပ်စွဲနေတဲ့စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးခန့် သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက်က စုပေါင်းရုံးထဲမှာ တပ်စွဲနေတဲ့ စစ်အုပ်စုကို မတ်လ ၁ ရက် ည ၉ နာရီခွဲလောက်မှာ ကာကွယ်ရေးအဖွဲ့ ၂ ဖွဲ့က အဝေးပစ်၊ ပုခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့လို့ စစ်သား ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ Myingyan Black Tiger − MBT ဆီက သိရပါတယ်။

 

ရေစကြိုအခြေစိုက် ခလရ ၂၅၈၊ ပခုက္ကူအခြေစိုက် တမခ ၁၀၁ စတဲ့ တပ်ရင်းတွေက စစ်သားတွေအပါအဝင် အင်အား ၃၀ ကျော်နဲ့ တပ်စွဲနေချိန်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"အဲ့ဒီညက အင်အားက အယောက် ၃၀ ကျော်ရှိတာ၊ သူတို့ဘက်က စက်ခလေးနဲ့ပစ်တယ်။ ကျနော်တို့ RPG နဲ့ ပစ်ခတ်နိုင်ခဲ့တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခဲ့တယ်‌။ ည ၁၁ နာရီထိုးတဲ့အချိန်မှာ လူအင်အားအလုံးအရင်းနဲ့စုပြီး ကျနော်တို့ထိန်းချုပ်ထားတဲ့ နယ်မြေထဲအထိ ဝင်လာလို့ မိုင်းဆွဲခဲ့သေးတယ်။ မိုင်းဆွဲတဲ့အခါမှာလည်း ဒီကောင်တွေ သေတယ်။ စုစုပေါင်းတိုက်ပွဲ ၁ နာရီဝန်းကျင် ကြာခဲ့တယ်" လို့ Myingyan Black Tiger – MBTမှ ဗိုလ်မိုက်ခဲက ပြောပါတယ်။

တပ်တွင်းသတင်းပေး ဖရဲသီးတွေရဲ့ပြောပြချက်အရ တိုက်ခိုက်မှုအတွင်း စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နဲ့ ဗိုလ်ကြာစိ ဦးဆောင်တဲ့ FEDERAL ARMY တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း Myingyan Black Tiger (MBT) က ရေစကြိုမြို့ အမှတ် - ၂ စည်ပင်သာယာရပ်ကွက်က စုပေါင်းရုံးထဲမှာအနားယူနေတဲ့ စစ်အုပ်စုကို အဝေးပစ်ပုခုံးထမ်းလောင်ချာနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်သား ၃ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10