စေတီနဲ့ဘုန်းကြီးကျောင်းတွေကို စစ်တပ်လေကြောင်းက ဗုံးကြဲ သံဃာ ၁ ပါးနဲ့ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

စေတီနဲ့ဘုန်းကြီးကျောင်းတွေကို စစ်တပ်လေကြောင်းက ဗုံးကြဲ သံဃာ ၁ ပါးနဲ့ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းနဲ့ပစ်ခတ်လို့  သံဃာ ၁ ပါးနဲ့ ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၊ ကန့်ဘလူခရိုင်ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနက် ၁၁ နာရီကနေ ညနေ ၅ နာရီထိကို စစ်ကောင်စီဘက်က တိုက်လေယာဥ် ၂ စီးနဲ့ ပင့်သာ၊ ဇော်ကုန်း၊ သင်တော၊ ဇီးကုန်း၊ မန်ကျည်းကုန်းကျေးရွာတွေကို ပစ်ခတ်တာ၊ ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"သက်သက်မဲ့ကြီး ဘုန်းကြီးကျောင်းတွေပေါ် ရွာတွေထဲကို ​ဗုံးကြဲပစ်ခတ်သွားတာ။ ဒေသခံတွေဆို ပြင်ဆင်ချိန်မရှိဘဲ အကုန်လုံး ဝရုန်းသုန်းကားဖြစ်ကုန်ပြီး ပြေးရတာ။ လေကြောင်းနဲ့ ၅ ကြိမ်လောက် ဗုံးကြဲတာ ပစ်ခတ်တာလုပ်သွားတာ" လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၊ ကန့်ဘလူခရိုင် တာဝန်ခံက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သင်တောရွာမှ နှစ်ထပ်ဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံ၊စေတီနဲ့ဘုရားစင်းတုများ ပျက်ဆီးခဲ့ပြီး သံဃာ ၁ ပါး၊ ကပ္ပိယ ၁ ဦး၊ အသက် ၁၁ နှစ်နဲ့ ၁၃ နှစ်ကလေး ၂ ဦးနဲ့ ရွာသား ၁ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဇော်ချောင်းရွာမှ ဘုန်းကြီးကျောင်းက ဆွမ်းချက်ဆောင်နဲ့ ဇရပ်ထိပြီး အသက်၇၈ နှစ်အရွယ် အဖိုး ၁ ဦးနဲ့ ၈၁ နှစ်အရွယ်အဖွား ၁ ဦးထိခိုက်ခဲ့သလို ဇီးကုန်းရွာမှ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒါ့အပြင်မန်ကျည်းကုန်းရွာမှ ဒေသခံ နေအိမ် ၅ လုံး လေယာဥ်ဗုံးကျထိမှန်လို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က လေယာဥ်နဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့လို့ ကိုးတောင်ဘို၊ ချပ်သင်း၊ ပင့်သာတိုက်နယ်ထဲက ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၃၀၀၀၀ ကျော်ထွက်ပြေးနေရပြီး ဖေဖော်ဝါရီ ၃ ရက်ထိ နေအိမ်တွေကို မပြန်လာကြသေးဘူးလို့ သိရပါတယ်။

ဇန်နဝါရီ ၁၂ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ မင်းကုန်း(က)နဲ့ ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီနဲ့ပျူ ပူးပေါင်းတပ်တွေက လက်နက်ကြီးပစ်ခတ် ဝင်ရောက်မီးရှို့လို့ နေအိမ် ၇၂ လုံးမီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန်ဘလူ #လေကြောင်းတိုက်ခိုက်မှု #သာသနိကအဆောက်အအုံ #ဘုန်းတော်ကြီးကျောင်း #စေတီပုထိုး #သံဃာ #ဒေသခံ #မြေလတ်သတင်း #စစ်ရှောင် #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10