စေတုတ္တရာနယ်က ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးနေရ

စေတုတ္တရာနယ်က ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးနေရ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ် စစ် ကြောင်းထိုးနေတာကြောင့် ရွာ ၄ ရွာက ဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေထံက သိရပါတယ်။

ဩဂုတ် ၁၇ ရက်ကစတင်ပြီး ပွင့်ဖြူမြို့နယ်၊ မဲဇလီဆည်ဘောင်ပေါ်ရှိ ဝါစိုက်ပျိုးရေးတပ်(ပွင့်ဖြူ)က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ ကျော်ဟာ ဝန်လို၊ ခိုနန်း၊ ရေယာဥ်၊ မုံညှင်းကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

" စစ်ကြောင်းတွေက တရွာဝင်တရွာထွက် သွားနေသလို ရွာအနီးတွေက စိုက်ခင်းတွေဘက်နဲ့ တောစပ်တွေကိုလည်း သွားလာနေတော့ မနေရဲတော့ဘဲ ပြေးကြရတာ။ ခုအချိန်က မိုးတွင်လည်းဖြစ်တော့ စစ်ရှောင်နေကြရတာ တော်တော်ဒုက္ခများကြတယ်။"လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒေသခံတွေမှာ ထွက်ပြေးတိမ်းရှောင်ရစဥ် စားသောက်စရာတွေနဲ့ အမိုးအကာတွေကအစ မယူလာနိုင်လို့ ဆေးဝါး၊ အစားအသောက်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေကြပါတယ်။

ကျေးရွာတွေက ထွက်ပြေးလာတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကျေးရွာတွေအနီးက စိုက်ခင်းတွေ၊ တောစပ်နေရာတွေမှာ ပုန်းခိုနေထိုင်နေရပြီး ဩဂုတ် ၁၉ ရက် ဒီကနေ့အထိ စစ်ကြောင်းပြန်မထွက်သေးတာကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း စတင်ဝင်ရောက်လာတဲ့ ဩဂုတ် ၁၇ ရက်က ဝန်လိုကျေးရွာအနီးမှာ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့သေးပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စစ်ကောင်စီတပ်ဟာ စေတုတ္တရာမြို့နယ်၊ လုံးကြီးရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော်မီးလောက်ပျက်စီးခဲ့ရပြီး ရွာလုံးကျွတ်စစ်ဘေးရှောင်ခဲ့ရသေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #မင်းဘူး #စေတုတ္တရာ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10