စေတုတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး ရခိုင်ဘက်က စစ်ကောင်စီတပ်တွေပါ စစ်ကူခေါ်တိုက်နေ

စေတုတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး ရခိုင်ဘက်က စစ်ကောင်စီတပ်တွေပါ စစ်ကူခေါ်တိုက်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေရာ စစ်ကောင်စီဟာ ရခိုင်ဘက်က စစ်တပ်ကိုပါ စစ်ကူတောင်းပြီး တိုက်ခိုက်နေရတယ်လို့ သိရပါတယ်။

စေတုတ္တရာမြောက်ပိုင်း မုန်းချောင်းဘေးမှာတည်ရှိတဲ့ ချီရွာ၊ ဘူးကျေးရွာစတဲ့ ကျေးရွာတွေဘက်မှာ ဇူလိုင် ၁ရက်ကနေ ဒီကနေ့ ၇ ရက်အထိ စစ်ကောင်စီတပ်အင်အား ၃၀၀ခန့်နဲ့ MODရဲ့ လက်အောက်ခံ မင်းဘူးခရိုင်တပ်ရင်းတွေကြား တိုက်ပွဲဖြစ်ပွားနေကြတာပါ။ 

၇ ရက်ကြာဖြစ်ပွားနေတဲ့ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က စစ်တပ်တွေကိုပါ စစ်ကူတောင်းပြီး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

"အစတော့ (စစ်အင်အား)သိပ်မများဘူး။ စစ်ကြောင်း ၂ ကြောင်းပေါင်း ၁၅၀ လောက်ပဲ ရှိတယ်။ အခု အမ်းက စစ်ကားကြီး ၃စီးနဲ့ တပ်ကူ အင်အားချတိုက်နေတယ်” လို့ PDF တပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါ တယ်။

အခုတိုက်ပွဲဖြစ်နေတဲ့နေရာဟာ နယ်မြေအနေအထားအရ ကုန်းပိတ်လိုဖြစ်နေတာကြောင့် ၂ ဘက်စလုံး အထိအခိုက်များနိုင်တယ်လို့ သူက ဆိုပါတယ်။

“ဖြစ်နေတဲ့နေရာက တကယ့်အပိတ်ဗျ။ ဘယ်သူမှ ထွက်သွားလို့မရတဲ့ လက်ဝှေ့ကြိုးဝိုင်းထဲ ဝင်ထိုးရသလို နေရာတွေ။ အဲတော့ နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံးများနိုင်တယ်" လို့ သူက ဆိုပါတယ်။ 

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ အခုလို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ဇွန် ၁၅ရက်က စစ်ကောင်စီ တပ်တွေ တပ်စွဲထားတဲ့ တပွင်ကျေးရွာနယ်မြေရဲစခန်းကို PDF တွေဘက်က တိုက်ခိုက်ပြီး စခန်းတခုလုံးကို မီးရှို့ခဲ့တာကို မကျေနပ်ဖြစ်ကာ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

"တပွင်ရဲစခန်းရုတ်သိမ်းတာကနေစတာ။ ရဲစခန်းကနေ တပ်ဖွဲ့ဝင်တွေရော တပ်မိသားစုဝင်တွေရော စေတုတ္တရာ မြို့မရဲစခန်းကို ပြောင်းရွှေ့တာ။ စခန်းနေရာက အရမ်းအစွန်းဘက်ရောက်နေလို့ အုပ်ချုပ်ထောက်ပံ့မှု ခက်ခဲ တယ်။ အဲမှာ PDF က ဝင်ပြီး စခန်းကို မီးရှို့တာ၊ ဒလန်ဖမ်းတာတွေ လုပ်တယ်။ သိမ်းပိုက်တယ်ဆိုတာထက် စခန်းမှာ ဘယ်သူမှမရှိချိန် ဝင်မီးရှို့တာပါ" လို့ တိုက်ပွဲဖြစ်ရတဲ့အကြောင်းအရင်းကို PDF တပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတဦးက ရှင်းပြပါတယ်။ 

တပွင်ရဲစခန်းမီးရှို့ခဲ့ပြီးနောက် PDFတွေဘက်က စေတုတ္တရာမြောက်ပိုင်းကို အုပ်ချုပ်ရေးတည်ဆောက်ဖို့ ကြိုးစားနေတဲ့အချိန် စစ်ကောင်စီတပ်က အခုလိုထိုးစစ်ဆင်တိုက်ခိုက်လာနေတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

အခုလို ၇ရက်ခန့်ကြာတဲ့အထိ နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ချီကျေးရွာ၊ ဘူးကျေးရွာ၊ တပွင်ကျေးရွာနဲ့ အဲ့ဒီအနီးတစ်ဝိုက်ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စေတုတ္တရာ #PDF #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #ရခိုင် #စစ်ကူ #မကွေးတိုင်း #မင်းဘူးခရိုင်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10