စေတုတ္တရာမှာ စစ်ကောင်စီရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး နေအိမ်မှာပစ်သတ်ခံရ

စေတုတ္တရာမှာ စစ်ကောင်စီရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး နေအိမ်မှာပစ်သတ်ခံရ

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ စေတုတ္တရာ-ပဒါန်းလမ်းပေါ်ရှိ သက်လယ်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်မှာပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

သေဆုံးသူမှာ သက်လယ်ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၅ နှစ်အရွယ် ဦးသိန်းရွှေဖြစ်ပြီး ဩဂုတ် ၂၅ ရက် မနေ့ည ၈ နာရီခန့်မှာ ၎င်းရဲ့နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

" သူ့နေအိမ်မှာပဲ ဝင်ရှင်းခံရတယ်လို့တော့ လတ်တလောသိထားရတယ်။ သူက အဲ့ဘက်တကြောမှာ စစ်ကောင်စီက အားထားရတဲ့ အုပ်ကြီးတယောက်ပဲ။ ဘယ်အဖွဲ့ကရှင်းလဲဆိုတာတော့ လတ်တလောမသိရသေးဘူး"လို့ ဒေသတော်လှန်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

သေနတ်နဲ့ အနီးကပ်ပစ်ခတ်ရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေဟာ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ယခင်က သက်လယ်ကျေးရွာအနီးတဝိုက်ဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်ထားရာနယ်မြေဖြစ်ခဲ့ပြီး ၂၀၂၄ နှစ်စပိုင်းမှာ အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေက စစ်ကောင်စီတပ်ဖွဲ့ကို ခေါ်ဆောင်လာပြီးနောက် စစ်ကောင်စီတပ်တွေဘက်က ပြန်လည်ထိန်းချုပ်ထားတဲ့ဒေသဖြစ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ် ၁၈ ရက်ကလည်း စေတုတ္တရာနယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ စလင်းမြို့နယ်၊ ပခက်တိုင်ရွာမှာ စစ်မှုထမ်းဖို့ အသံချဲစက်နဲ့လိုက်အော်နေတဲ့ ပခက်တိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေးတိုင်း #စေတုတ္ထရာ #အုပ်ချုပ်ရေးမှူး #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10