စျေးသည်အမျိုးသမီး ၇ဦး ပစ်သတ်ခံရပြီး အမျိုးသား ၃၀ခန့် ဓားစာခံ ဖမ်းခံထားရ

စျေးသည်အမျိုးသမီး ၇ဦး ပစ်သတ်ခံရပြီး အမျိုးသား ၃၀ခန့် ဓားစာခံ ဖမ်းခံထားရ

ဝက်လက်မြို့နယ်နဲ့ အရာတော်မြို့နယ်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ဒီနေ့မနက်ပိုင်း လမ်းမှာတွေ့တဲ့ စျေးသည်အမျိုးသမီး ၇ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့ည ၈ နာရီလောက်မှာ ရွှေဘိုကနေ စစ်ကားအကြီး ၃စီးနဲ့ အရာတော်မြို့နယ်နဲ့ ဝက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာပြီး လမ်းတလျှောက်လည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

အဲ့ဒီစစ်ကားတွေက ညပိုင်းမှာဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းက ရသာကြီးကျေးရွာမှာ ညအိပ်ခဲ့ပြီး မနက်၄နာရီလောက်မှာ ကျေးရွာတွေဘက်ကို ထပ်မံစစ်ကြောင်းထိုးခဲ့တာပါ။

 

အဲ့ဒီစစ်ကြောင်းက မနက်၅နာရီလောက်မှာ ဝက်လက်မြို့နယ် အနောက်ခြမ်းက ရွှေပန်းကုန်းကျေးရွာနဲ့ သမားရိုးကျေးရွာကြားကို ရောက်လာချိန် ရွှေပန်းကုန်းကျေးရွာကို မနက်ခင်းစျေးရောင်းဖို့သွားတဲ့ သမားရိုးကျေးရွာက အမျိုးသမီးတွေကိုတွေ့ပြီး ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

 

"စျေးကားနဲ့တွေ့ပြီး အကုန်လုံးကို ပစ်သတ်သွားတာလို့ပြောတယ်။ အမျိုးသမီးချည်း ၇ ယောက်တဲ့။ အမျိုးသား ၃၀ လောက်လည်း ဓားစာခံ ဖမ်းခံလိုက်ရတယ်လို့ ကြားတယ်"လို့ သမားရိုးကျေးရွာအနီးက ဒေသခံတဦးက ပြောပါတယ်။

 

သမားရိုးကျေးရွာက ဒေသခံတဦးကလည်း အမျိုးသမီးတွေအပါအဝင် ဒေသခံ ၇ဦးကို စစ်တပ်က သတ်ဖြတ်သွားကြောင်း သတင်းကြားပေမယ့် သူတို့ကိုယ်တိုင်ကလည်း ရှောင်တိမ်းနေရဆဲဖြစ်တာမို့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

 

စစ်တပ်စစ်ကြောင်းကတော့ လက်ရှိအချိန်မှာ ပျူစောထီးရွာလို့ နာမည်ကြီးတဲ့ သလဲပါရွာထဲကို ဝင်ရောက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ဝက်လက်မြို့နယ်အနောက်ခြမ်းက ရွှေပန်းကုန်း၊ သမားရိုးအပါအဝင် အရာတော်မြို့နယ်နဲ့အစပ်ကျေးရွာ ၁၀ရွာလောက်ကတော့ လက်ရှိအချိန်အထိ ရှောင်တိမ်းနေရဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

စာတည်း - ဇို

 

#မြေလတ်အသံ

#ဝက်လက် #အရာတော် #စျေးသည် #အမျိုးသမီး #သတ်ခံရ #အမျိုးသား #ဓားစာခံ #ဖမ်းခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10