ဆင်ပေါင်ဝဲမှာ စျေးဝယ်ပြန်လာတဲ့အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

ဆင်ပေါင်ဝဲမှာ စျေးဝယ်ပြန်လာတဲ့အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်မြူးအောင်ကျေးရွာအနီးမှာ စျေးဝယ်ပြန်လာတဲ့အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်ခံရသူဟာ ဆင်မတောင်ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၆ နှစ်အရွယ် ဦးလှဝေ ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက် ညနေ ၆ နာရီခန့်မှာ ဆင်ပေါင်ဝဲမြို့ကနေ သူနေထိုင်ရာကျေးရွာကို ကားနဲ့ပြန်လာချိန်မှာ ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

"ရွာအပြန်မှာ ပစ်သတ်ခံရတာ။ ခေါ်သွားပြီးတော့ ပစ်သတ်ပြီးမှ သူနဲ့လာတဲ့ သူတွေနဲ့အလောင်းကို ပြန်ထည့်ပေးလိုက်တယ်။ ကားပေါ်မှာက သူအပါ ၆ ဦးပါတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးခေါင်းနောက်စေ့ကို အနီးကပ်ပစ်ခတ်ခံရကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အလောင်းကိုတော့ သူနဲ့အတူပါလာသူတွေက ချောင်းကောက်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၃ ရက် ဒီမနက်မှာတော့ အလောင်းကို မိသားစုဝင်တွေကရွာကို ပြန်သယ်ပြီး နာရေးလုပ်ဖို့ စီစဥ်နေကြတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

ဦးလှဝေဟာ ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်ဖြစ်တယ်ဆိုတာကိုသာ သိထားရပြီး စစ်ကောင်စီ အဖွဲ့တွေနဲ့ ဘယ်လောက်ထိ နီးကပ်တဲ့ဆက်ဆံရေးရှိတယ်ဆိုတာ မသိရဘူးလို့ သူကဆက် ပြောပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်သူတွေလုပ်ဆောင်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ဖိုလေးလုံးကျေးရွာနဲ့ သာစည်ကျေးရွာအကြား၊ ကိုးပင်-သာဂရလမ်းပေါ်မှာ ကိုးပင်-သာစည်စိုက်ပျိုးမွေးမြူမှုအလုပ်သင် အတတ်သင်စခန်းမှ အကျဉ်းထောင်ဝန်ထမ်း ၁ ဦးပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆင်ပေါင်ဝဲ #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10