သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဝန်ကုန်းကျေးရွာအနောက်ဘက်ခြမ်းမှာ ရွာခံအမျိုးသား ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူမှာ ဝန်ကုန်းကျေးရွာနေ အသက် ၅၇ နှစ်အရွယ် ဦးသန်းဝင်းဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက် မနေ့မနက် ၇ နာရီခန့်မှာ ဦးသန်းဝင်းအပါ လူ ၅ ဦးခန့်က ယာခင်းတွေဆီသွားတဲ့လမ်းကို ပြုပြင်နေချိန် သေနတ်သမားတွေက လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
" ရွာနားမှာ ထွန်စက်နဲ့လမ်းပြင်နေချိန် ဦးသန်းဝင်းကလည်း အဲ့ဘက်မှာရှိနေချိန်မှာ ဝင်ပစ်သွားတာ။ သူက တောင်သူလည်းလုပ်တယ်။ ၆ ချက်လောက်ပစ်သွားတာ"လို့ ဆင်ပေါင်ဝဲမြို့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
သေနတ်နဲ့အနီးကပ်ပစ်ခံရတာကြောင့် ဦးသန်းဝင်းမှာ ဦးခေါင်းပွင့်ထွက်၊ ဝမ်းဗိုက်ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့နေရာမှာ သေဆုံးသွားပြီး သေနတ်သမားတွေက လမ်းပြင်နေသူ ၅ ဦးခန့်အနက် ဦးသန်းဝင်း ၁ ယောက်ကိုသာ ပစ်ခတ်သွားတာလို့ သိရပါတယ်။
ဝန်ကုန်းရွာအုပ်ချုပ်ရေးမှူးဟာ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကတည်းက ကျေးရွာမှာမနေတော့ဘဲ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် ယင်းကျေးရွာမှာ စစ်မှုထမ်းစာရင်းကောက်တာ၊ ကျေးရွာကိစ္စလုပ်ငန်းတွေကို သေဆုံးသူ ဦးသန်းဝင်းက လိုက်လံလုပ်ဆောင်ပေးနေရသူဖြစ်တယ်လို့ အထက်ပါဒေသခံက ဆိုပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်မြူးအောင်ကျေးရွာအနီးမှာ စျေးဝယ်ပြန်လာတဲ့ ဆင်မတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #ဆင်ပေါင်ဝဲ #အမျိုးသား #သေနတ်ပစ် #သေဆုံး
Share Share Share