သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း ၁၀ တန်းကျောင်းသူ ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၂၈ ရက် မနက်အစောပိုင်းမှာ သရက်ချဉ်ရွာ စာသင်ကျောင်းအနီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့ ပစ်ခတ်မှုတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း ဇန်နဝါရီ ၂၈ ရက် မနေ့မနက် ၈ နာရီခန့်မှာ သရက်ချဉ်ရွာနဲ့ကပ်လျက် စလင်း-ဆင်ဖြူကျွန်း ကားလမ်းနံဘေးရှိ မိုးဝန်းကျေးရွာအတွင်း လက်နက်ကြီး ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့လို့ ဆယ်ကျော်သက်အရွယ် ၁၀ တန်းကျောင်းသူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ ကျောင်းသူကအိမ်ထဲမှာ ကျောင်းသွားဖို့ပြင်ဆင်နေရင်းနဲ့ စစ်တပ်ဘက်က လက်နက်ကြီးကျည်(ဗုံးသီး)ကျပြီး သေဆုံးတာ။” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒါ့အပြင် ယမန်နေ့မှာပဲ မိုးဝန်းကျေးရွာ စလင်း-ဆင်ဖြူကျွန်းကားလမ်းပေါ်ကို လက်နက်ကြီးဗုံးသီးတွေ ထပ်မံကျရောက်ပေါက်ကွဲလို့ လမ်းသွားလမ်းလာ မိုးဝန်းရွာခံ ၄ ဦး ဗုံးစထိမှန်ဒဏ်ရာတွေရရှိခဲ့ပြီး ၎င်းတို့ကို ဆင်ဖြူကျွန်းဆေးရုံကိုပို့ဆောင်ကုသနေရတယ်လို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေအတွင်းမှာ သရက်ချဉ်ကျေးရွာဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးကို အဓိကအသုံးပြုပစ်ခတ်နေပြီး လက်ရှိအထိပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်နဲ့ မိုးဝန်းကျေးရွာ၊ သစ္စာမြိုင်ကွက်သစ်က လူထောင်နဲ့ချီစစ်ရှောင်နေကြရပြီး စလင်းမြို့အခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ က အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေအကြား ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကလည်း သရက်ချဉ်ကျေးရွာ စာသင်ကျောင်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှုဖြစ်ခဲ့ပါသေးတယ်။
စာတည်း - ဟိန်းစံ။
#မြေလတ်အသံ
#ဆင်ဖြူကျွန်း #သရက်ချဉ်ရွာ #တိုက်ပွဲ #ကျောင်းသူ #သေဆုံး
Share Share Share