ဆင်ဖြူကျွန်းမှာ စစ်ဆေးရေးလုပ်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စုပစ်ခတ်မှုဖြစ်နေ

ဆင်ဖြူကျွန်းမှာ စစ်ဆေးရေးလုပ်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စုပစ်ခတ်မှုဖြစ်နေ

■ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျလို့ ဒေသခံတွေ ရှောင်တိမ်းနေရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့  နွယ်တမယ်တံတားပေါ်မှာ စက်တင်ဘာ ၂၄ ရက် ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်နေပြီး ရပ်ကွက်နေပြည်သူတွေလည်း တိမ်းရှောင်နေရတယ်လို့ မြို့ခံဆီတွေက သိရပါတယ်။

ဒီမနက်ပိုင်း ၉ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆင်ဖြူကျွန်းရဲစခန်းအနီး ကိုက် ၅၀၀ခန့် အကွာရှိ နွယ်တမယ်တံတားထိပ်မှာ ခရီးသွားကားတွေကို စစ်ဆေးရေးလုပ်ဆောင်နေစဉ် ရဲစခန်းအတွင်းကနေ လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ရာက အပြန်အလှန်ပစ်ခတ်တာတွေဖြစ်တာလို့ ဆင်ဖြူကျွန်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုတွေအတွင်း အဆိုပါတံတားထိပ်အနီးမှ ဖြတ်သန်းသွားလာသူ လူငယ်တဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

“လမ်းသွားလူငယ်တဦးကို ရဲတွေကဆွဲခေါ်သွားပြီး ပါးတွေနားတွေရိုက်တဲ့အပြင် ခြေထောက်တွေနဲ့ကန်ကြောက်ကြတယ်။ အဲ့ဒီလူငယ်ကိုတော့ ဖမ်းထားဆဲပါ” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။

လက်ရှိအထိ နှစ်ဖက်တပ်တွေအကြား အပြန်အလှန်ပစ်ခတ်နေဆဲဖြစ်ပြီး ပစ်ခတ်မှုတွေအတွင်း ဆင်ဖြူကျွန်းမြို့ အုတ်ဖိုရပ်ကွက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေလို့ ရပ်ကွက်နေပြည်သူတွေလည်း တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သလို ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်လို့ စစ်ကောင်စီတပ်က စလင်းမြို့အခြေစိုက် ခလရ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ က စစ်ကောင်စီတပ်သားတွေကို ဆင်ဖြူကျွန်းရဲစခန်းသို့ အင်အားဖြည့်ပို့ဆောင်နေကာ ကာကွယ်ရေးအဖွဲ့တွေရဲ့တည်နေရာတွေကိုလည်း ဒရုန်း ၂ စီးနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ - ဆင်ဖြူကျွန်းမြို့ နွယ်တမယ်တံတားထိပ်အနီးမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်(ပုံဟောင်း)။

စာတည်း-ဟိန်းစံ

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10