ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့ကဒေသခံတွေ နေရပ်တိမ်းရှောင်

ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့ကဒေသခံတွေ နေရပ်တိမ်းရှောင်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ တိုက်ပွဲဖြစ်ပြီးနောက် စက်တင်ဘာ ၂၆ ရက်ကစပြီး မြို့ပေါ်ရပ်ကွက်တချို့နဲ့ မြို့အနီးကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို စတင်တိမ်းရှောင်နေကြတယ်လို့ ဆင်ဖြူကျွန်းမြို့ခံတွေက ပြောပါတယ်။ 

ဆင်ဖြူကျွန်းမြို့ပေါ်ရှိ သုံးပင်မြောက်ရပ်ကွက်၊ ရှားတောရပ်ကွက်၊ အုတ်ဖိုရပ်ကွက်နဲ့ မြို့အနီးရှိ နွယ်တမယ်ကျေးရွာကဒေသခံတွေ တိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်လာရင်တော့ ပျက်စီးမယ်၊ သေ‌ကြမယ်ဆိုတာတော့ သိပါတယ်။ ကျနော်တို့လူငယ်တွေက အကြောင်းမဟုတ်ဘူး။ အသက်ကြီးတဲ့ မိဘတွေကျ မပြေးနိုင်မလွှားနိုင်ဘူး၊ အဲ့ဒါကြောင့် ပြောင်းရွှေ့ရတာပါ။” လို့ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် ညတိုင်းနီးပါး လက်နက်ကြီးပစ်ခတ်သံတွေကြားနေရပြီး ဘယ်ကပစ်ခတ်တယ်ဆိုတာကို အတိအကျမသိရပေမယ့် စစ်ကောင်စီရဲ့ ခလရ ၂၅၃ ခလရ ၂၅၄ နဲ့ ခလရ ၂၅၅ က စစ်သားအင်အား ၇၀ လောက်တပ်စွဲနေတဲ့ ဆင်ဖြူကျွန်းမြို့၊ ဆုတ်လှေဦးလမ်းခွဲဘက်က ဖြစ်နိုင်တယ်လို့ အထက်ပါမြို့ခံက ခန့်မှန်းပါတယ်။ 

“မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းလည်း လက်နက်ကြီးသံတွေက ညတိုင်းကြားနေရတာ၊ တအုန်းအုန်းနဲ့။ ဘယ်မှာဖြစ်နေမှန်း မသိတာ၊ အသံကြားပုံအရတော့ အဝေးကြီးမှာဖြစ်နေတာ မဟုတ်လောက်ဘူး။” လို့ မြို့ခံတဦးက ပြောပါတယ်။  

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာလည်း ဆင်ဖြူကျွန်းမြို့ပေါ်မှာ လမ်းသွားလမ်းလာတွေနည်းသွားပြီး စစ်ကောင်စီဘက်ကလည်း ကင်းလှည့်တာတွေရှိနေတယ်လို့ ဆိုပါတယ်။  

စက်တင်ဘာ ၂၄ ရက်မှာ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားပေါ်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ခုလိုတိမ်းရှောင်နေခဲ့ကြတာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မကွေးနဲ့ မင်းဘူးမြို့ဘက်ကို အဓိက ပြောင်းရွှေ့နေကြတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆင်ဖြူကျွန်း #တိုက်ပွဲ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10