ဆင်လူးရွာက ပျူစောထီးတပ်ဖွဲ့ဝင်နေအိမ် ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးသေဆုံး

ဆင်လူးရွာက ပျူစောထီးတပ်ဖွဲ့ဝင်နေအိမ် ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးသေဆုံး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပျူစောထီးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဆင်လူးကျေးရွာမှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူတွေမှာ ဆင်လူး(မြောက်)ရွာမှာနေထိုင်တဲ့ အသက် ၈၀ နှစ်ကျော်ရှိ ဒေါ်သန်းရင်နဲ့ အသက် ၆၇ နှစ် ဒေါ်မှီတို့ ၂ ဦးဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီမှာ ၎င်းတို့နေအိမ်မှာရှိနေချိန် ဒရုန်းဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကာ ဗုံးစထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတဲ့နေအိမ်ဟာ ဆင်လူးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ပျူစောထီးခေါင်းဆောင် ဦးဖိုးအောင်နဲ့ ဆွေမျိုးတော်စပ်တဲ့ ၎င်းရဲ့ လက်အောက် ပျူစောထီးတပ်ဖွဲ့ဝင် ဇော်ဝင်းမောင်ရဲ့ နေအိမ်ဖြစ်ပြီး သေဆုံးသူတွေမှာ အဆိုပါပျူစောထီးရဲ့ မိသားစုဝင်အမျိုးသမီးတွေလို့ ဆိုပါတယ်။

“ သေဆုံးတဲ့သူ ၂ ဦးကတော့  အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့အပြင် ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ မောင်ဖိုးအောင်ရဲ့ ဝမ်းကွဲအမ၊ သူ့သားက ပျူစောထီးပါ။ ၁ ဦးကတော့ သူ့အမရဲ့ ယောက္ခမပါ။ မနေ့က နာရေးလုပ်ပါတယ်။“ လို့  ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ဒရုန်းဗုံးနောက် ၁ လုံးဟာ ဆင်လူး(တောင်)ရွာက ဦးကြီးအောင်ဆိုသူရဲ့ နေအိမ်ပေါ်ကျရောက်ကွဲခဲ့ပြီး အဆိုပါဗုံးပေါက်ကွဲမှုမှာတော့ လူထိခိုက်တာမရှိဘဲ နေအိမ်အမိုးတွေလန်ကာ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဒရုန်းဗုံးဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေထံက သိရပြီး တိုက်ခိုက်မှုဟာ PDF ဒရုန်းတပ်ဖွဲ့တခုက တိုက်ခိုက်တာဖြစ်ကြောင်းကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အတည်ပြုပါတယ်။

ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ PDF ဒရုန်းအဖွဲ့ကို မြေလတ်အသံက ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရသေးပါဘူး။

ဆင်လူးရွာဟာ ပွင့်ဖြူမြို့နယ်အတွင်းက လူဦးရေ ၃,၀၀၀ ကျော်ရှိ ရွာကြီးတရွာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးဖိုးအောင် ဦးဆောင်တဲ့ ပျူစောထီးတပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်ရှိကာ အဆိုပါပျူစောထီးတွေက ရွာကိုပိတ်ဆို့ထားပြီး ရွာခံအမျိုးသားတွေကို ပျူစောထီးအဖွဲ့ဝင်သစ်အဖြစ် ခြိမ်းခြောက်အဓမ္မသွတ်သွင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု ဒီဇင်ဘာလဆန်းပိုင်းမှာပဲ ဆင်လူးရွာခံ ၇၀ ကျော်ဟာ ပိတ်ဆို့ထားတဲ့ဆင်လူးရွာကနေ ထွက်ပြေးလာလို့ မင်းဘူးခရိုင် PDF တပ်ဖွဲ့ဝင်တွေဘက်က ထိန်းသိမ်းစောင့်ရှောက်မှုပေးထားရတာလည်း ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပွင့်ဖြူ #ဆင်လူးရွာ #ပျူစောထီး #ဒရုန်း #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10