သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာက စစ်ကောင်စီနဲ့ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ စခန်း ၁ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၅ ရက်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက် မနက် ၇ နာရီခွဲကနေ မွန်းလွဲ ၂ နာရီခွဲအထိ ၇ နာရီကြာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်အက်ဆစ်က ဆိုပါတယ်။
အဲဒီစခန်းမှာ ကန်ပြားရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဆင်လူးကျေးရွာက ပျူစောထီးတွေ စုစုပေါင်း အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲအထိုင်ချထားတာဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရှိတဲ့အပြင် နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စလင်း-ကံပြားမှ လူနာတင်ယာဉ်တွေနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ မြိုင်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၆၀ မမနဲ့ ဒရုန်းဗုံးတွေ အသုံးပြုကာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်ကြတဲ့ အဆောက်အဦတွေလည်း ပြိုကျပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။
“အဲဒီရွာက ပျူစောထီးရွာဆိုတော့ ပေါက်-မြိုင်ဒရုန်းတပ်ဖွဲ့အင်အားစုတွေ၊ အဲ့ဘက်က ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုတွေ ပေါင်းပြီး ဗုံးသီးချတိုက်ခိုက်ခဲ့တာ။” လို့ မြိုင်မြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စလင်းမြို့နယ်၊ ကံပြားရွာကပျူစောထီးတွေလည်း ဆင်လူးရွာကို လာရောက်ပူးပေါင်းတိုက်ခိုက်တာမျိုးတွေ့ရသလို ကံပြားရွာမှာ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာတွေလည်းရှိတယ်လို့ သိရပါတယ်။
ဆင်လူးကျေးရွာ ဒေသခံတဦးရဲ့ ပြောကြားချက်အရ အဲဒီတိုက်ခိုက်မှုမှာ ဆင်လူးမြောက်ဘက်ရွာက ပျူစောထီး ကိုဖိုးမှီ သေဆုံးပြီး ပျူစောထီး ၄ ဦးဒဏ်ရာရကာ အိမ်ခြေ ၂၀ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နွား ၂ ကောင် သေဆုံးခဲ့သလို ကား ၁ စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းကို သွားရောက်စုံစမ်းခဲ့တဲ့ ပျူစောထီး ကိုဝင်းစိုးနဲ့ ကိုကျော်ဆန်းဝင်း တို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်လို့ သိရပါတယ်။
“ PDF တွေက ဖမ်းဆီးသွားတယ်လို့ပဲ သိရတယ်။ ဇန်နဝါရီ ၁၅ ရက်မနက်က ဖမ်းဆီးခံရတာ၊ သေဆုံးတဲ့ ပျူစောထီး ကိုဖိုးမှီ ကိုတော့ ဇန်နဝါရီ ၁၆ ရက် မနက်မှာ အသုဘချတယ်။ အသုဘချတာကို လိုက်ပို့တဲ့သူက ၇ ဦး ပဲရှိတယ်” လို့ ဆင်လူးရွာခံတဦးက ပြောပါတယ်။
ဆင်လူးရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင်က ဆင်လူးရွာခြံစည်းရိုးတွေအားလုံးကို အလုံပိတ်ထားပြီး ရွာခံတွေကို အပြင်ထွက်ခွင့်ကို မပေးဘူးလို့ သူက ဆိုပါတယ်။
“တံခါးတွေအားလုံးကို အလုံပိတ်ပြီးတော့ အပြင်ကိုထွက်ခွင့်၊ ဆေးကုသခွင့် မပေးတဲ့အတွက် ရွာထဲမှာ ကြိတ်ပြီးတော့ အရပ်ဆရာနဲ့ ဆေးကုသနေရတယ်။” လို့ ဆင်လူးရွာခံတွေရဲ့ အခြေအနေကို သူက ရှင်းပြပါတယ်။
တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းနဲ့အတူ ပေါက်-မြိုင် စုဖွဲ့မှု ပကဖ၊ Young Force (PKU)၊ Earthquake Defence Force (PKU)၊ Joker (ပြောက်ကျားတပ်ဖွဲ့)၊ စေတုတ္တရာ ပအဖ အဖွဲ့၊ မြိုင်မြို့နယ် ပကဖ (ဒရုန်းတပ်ဖွဲ့) အပြင် ခရိုင် DIA ကိုအညာသား အဖွဲ့တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မင်းဘူးခရိုင်အတွင်း ၂၀၂၅ မှာ ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်လာမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မန်းရွှေစက်တော်ဘုရားပွဲသို့ သွားရောက်လည်ပတ်ခြင်း မပြုလုပ်ကြဖို့ကို တော်လှန်ရေး တပ်တွေက အသိပေးထုတ်ပြန်ထားတာရှိပါတယ်။
“မင်းဘူးခရိုင်အတွင်းမှာ စစ်ရေးဖော်ဆောင် လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်လာမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မန်းရွှေစက်တော်ဘုရားပွဲ ခရီးသွားဖို့ မသင့်ဘူး”လို့ ဗိုလ်အက်ဆစ်က ဆိုပါတယ်။
အင်အားနည်းလာတဲ့ စစ်ကောင်စီအနေနဲ့ ပေါ်တာဆွဲမှု အခြေအနေတွေကလည်း စိပ်လာပြီး သိန်းရာနဲ့ချီ ပြန်ရွေးရတဲ့ ဖြစ်စဉ်တွေလည်း ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားခြင်း၊ ပွဲလမ်းသဘင်တွေ လည်ပတ်ခြင်း၊ လူစုလူဝေးများတဲ့ နေရာတွေကို သွားလာခြင်းတွေကို ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီဘက်ကို သွားမလား၊ ကာကွယ်ရေးတပ်ထဲ ဝင်မလားဆိုတာ ရွေးချယ်ပြီး ကာကွယ်ရေးဘက်ကို ပူးပေါင်းမယ်ဆိုရင် ကြိုဆိုလက်ခံကြောင်းနဲ့ ကာကွယ်ရေးအဖွဲ့များကို ကူညီပေးစေလိုကြောင်း မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်အက်ဆစ်က ပြောပါတယ်။
သတင်း - မြတ်သော်တာ၊ ဟယ်သာ၊ စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ပွင့်ဖြူမြို့ #ဆင်လူး #စစ်ကောင်စီ #ပျူစောထီး #PDF #ပကဖ
Share Share Share