ဆင်အင်းရွာပအဖအဖွဲ့ ပြန်လည်ဖွဲ့စည်းပေးဖို့ ဒေသခံနဲ့စစ်ဘေးရှောင်တွေ ဆန္ဒပြ

ဆင်အင်းရွာပအဖအဖွဲ့ ပြန်လည်ဖွဲ့စည်းပေးဖို့ ဒေသခံနဲ့စစ်ဘေးရှောင်တွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာအနီးတနေရာမှာ ဆင်အင်းကျေးရွာ ပအဖအဖွဲ့ ပြန်လည်ဖွဲ့စည်းပေးရေး ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဇွန် ၂၅ ရက် နေ့လယ် ၁၂ နာရီကျော်ကနေ ၁ နာရီအထိ ဒေသခံတွေနဲ့ စစ်ရှောင်အင်အား ၁၀၀ ကျော်ခန့်ဟာ စစ်ရှောင်စခန်းနေရာမှာ အေးချမ်းစွာအထိုင်သပိတ်လုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။

"ယခုရှိနေတဲ့ ဆင်အင်းရွာ ပအဖအဖွဲ့ဆိုတာ ရွာခံတွေရဲ့ဆန္ဒနဲ့ရွေးထားသူတွေ မဟုတ်ဘူး။ ပြီးတော့ ရပ်ရွာနဲ့ စစ်ရှောင်တွေအတွက် အကူအညီမပေးတဲ့အပြင် တခုခုလုပ်မယ်ဆို ငါတို့ခွင့်ပြုချက် မရရင် မလုပ်ရဘူးဆိုပြီး လက်ထိပ်တကားကားနဲ့ အာဏာကပြချင်နေသေးတာ။ ဒါကြောင့် လက်ရှိ ပအဖအဖွဲ့ကို ဖြုတ်ချပေးပြီး ရပ်ရွာလူထုဆန္ဒနဲ့ လက်ခံတဲ့သူတွေကို ပြန်ဖွဲ့ပေးဖို့ ဆန္ဒပြတောင်းဆိုကြတာ" လို့ ဆန္ဒပြပွဲပါဝင်သူတဦးက ပြောပါတယ်။

လက်ရှိ ပအဖအဖွဲ့ဝင်တွေဟာ စစ်ရှောင်ပြည်သူတွေနဲ့အတူ တနေရာတည်းနေထိုင်ပြီး ဒေသကာကွယ်ရေး၊ အုပ်ချုပ်ရေးတွေအတွက် လုပ်ပေးနေသူတွေမဟုတ်ဘဲ စစ်ကောင်စီအဖွဲ့တွေနဲ့ ဝေးရာမှာနေထိုင်ပြီး အမိန့် ပေးချင်တာနဲ့အာဏာပြချင်တဲ့အခါမျိုးတွေလောက်သာ စစ်ရှောင်တွေထံ လာလေ့ရှိတယ်လို့ ဆိုပါတယ်။

ဆန္ဒပြရာမှာ ပြည်သူကိုအကျိုးမပြုသေ ပအဖ အလိုမရှိခြင်း၊ ပြည်သူနဲ့ တသားတည်းမရှိသော ပအဖ ဖြုတ်ချရေးနဲ့ ပအဖအသစ်အမြန် ပြန်လည်ဖွဲ့စည်းပေးပါရန် တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိ ပအဖအဖွဲ့ကို ဖြုတ်ချပြီး ဒေသခံတွေရဲ့ဆန္ဒနဲ့အညီ လက်ခံတဲ့ ပအဖကိုပြန်လည်ဖွဲ့စည်းပေးဖို့ ဒေသခံပြည်သူတွေက မြို့နယ်ပအဖအဖွဲ့ထံ အကြိမ်ကြိမ်တင်ပြတောင်းဆိုပေမယ့် အလေးမထားဘဲ လျစ်လျူရှုတာကို ခံနေရတယ်လို့ ဆိုပါတယ်။

ဆင်အင်းကျေးရွာကို ၂၀၂၂ မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ရွာထဲမှာ အထိုင်ချတပ်စွဲခဲ့တာကြောင့် အိမ်ထောင်စု ၃၀၀၊ ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ယနေ့အထိစစ်ကောင်စီစစ်ကြောင်းက ဆင်အင်းရွာထဲမှာ အထိုင်ချနေတာကြောင့် စစ်ကောင်စီကိုလက်မခံတဲ့ ဒေသခံအများစုဟာ စစ်ဘေးရှောင်ဘဝနဲ့ ဆက်လက်နေထိုင်ကြတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ဆင်အင်းကျေးရွာ #ပအဖ #စစ်ဘေးရှောင် #ဆန္ဒပြ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10