ဆည်ရေမရလို့ ၀က်လက်မြို့တောင်ဘက်က လယ်မြေတွေ စပါးမစိုက်နိုင်

ဆည်ရေမရလို့ ၀က်လက်မြို့တောင်ဘက်က လယ်မြေတွေ စပါးမစိုက်နိုင်

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ကျေးရွာ ၂ ခုက လယ်ဧက ၁၀၀ ကျော်ဟာ ဆည်ရေမရတဲ့အတွက် တောင်သူတွေ စပါးမစိုက်နိုင်ဘဲဖြစ်နေကြတယ်လို့ သိရပါတယ်။ 

ဝက်လက်မြို့တောင်ဘက်မှာရှိတဲ့ လိန်ပင်ရွာနဲ့ ခေါတောရွာက တောင်သူတွေဟာ သဖန်းဆိပ်ဆည်ရဲ့ မုဆိုးချုံ မြောင်းမတော် (ခေါ်) မူးမကြီးက စီးလာတဲ့ရေကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ရတာဖြစ်ပါတယ်။ 

အဲဒီဆည်ရေမြောင်းဟာ ၀က်လက်မြို့ အနောက်ဘက်ကနေ ကပ်ပြီး မြို့တောင်ဘက်ကို စီးဆင်းတာဖြစ်ပါတယ်။

ဒါပေမဲ့ မြို့တောင်ဘက်ကို စီးဆင်းတဲ့ ဆည်ရေမြောင်းရဲ့ ရေလွှဲဂိတ်ကို ပိတ်ထားတဲ့အတွက် မူးမကြီးက စီးဆင်းလာတဲ့ ဆည်ရေတွေဟာ ဝက်လက်မြို့အနောက်ဘက် ရေဆိုးမြောင်းထဲကိုသာ စီးဆင်းနေတာဖြစ်လို့ မြို့တောင်ဘက်ကို ဆည်ရေမရောက်ဘဲဖြစ်နေတာလို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။ 

ရေဆိုးဆည်မြောင်းစီးဆင်းရာ ဝက်လက်မြို့အနောက်ဘက်က တောင်သူတွေကတော့ ဆည်ရေရပြီး လယ်ယာစိုက်ပျိုးနိုင်ကြတယ်လို့ ဆိုပါတယ်။

ပုံမှန်အခြေအနေမှာ တောင်သူတွေဟာ ဆည်ရေလွှဲဂိတ်ကို အဖွင့်အပိတ်လုပ်ကြသော်လည်း အခုအခါမှာ ရေလွှဲဂိတ်အနီးက ဝက်လက်မြို့မီးသတ်ရုံးထဲမှာ စစ်ကောင်စီက တပ်စွဲဂိတ်ချထားတဲ့အတွက် ဘယ်သူမှ မသွားရဲဘဲ အခုလို တောင်သူတွေဆည်ရေမရဖြစ်တာလို့ ဝက်လက်မြို့တောင်ဘက်က ဒေသခံတောင်သူတွေက ပြောပါတယ်။ 

"သူတို့က ကင်းပုန်းတွေ ဘာတွေနဲ့။ တို့က ဒါကိုတက်ပိတ်မယ်ဆိုရင်လည်း အဆော်ခံရမှာ။" လို့ ဆည်ရေမရလို့ စိုက်ပျိုးရေး မလုပ်နိုင်တဲ့ တောင်သူတဦးက ပြောပါတယ်။

ဆည်ရေမရတဲ့ ဝက်လက်မြို့တောင်ဘက်က လယ်ယာမြေတွေမှာ ရွှေဘိုပေါ်ဆန်းမွှေးကို အဓိကထား စိုက်ပျိုးကြပြီး ရေလုံလောက်စွာမရတဲ့အတွက် ကုလားပဲ၊ နံနံပင် တို့ကို အစားထိုးစိုက်ပျိုးနေပေမယ့်လည်း အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ 

"လယ် မလုပ်လိုက်ရတော့ ကုလားပဲကြဲလိုက်ရော၊ ပထမ မိုးကြောင့် ပျက်သွားရော။ အခုနောက်တပြန်လည်း ပိုးငွေ့ (ပိုးကျ)နေပြီ။ ပဲကလည်း ရှုံးကြမှာပဲ။ နှစ်ခါကြဲ၊ သုံးခါကြဲ ဖြစ်သွားပြီ။" လို့ တောင်သူတဦးက ပြောပါတယ်။ 

ဝက်လက်မြို့အနီးက လယ်မြေတွေမှာ ရေရသော်လည်း စစ်ကောင်စီတပ်ရှိနေတာကြောင့် တောင်သူတွေ မြို့အနီး မသွားရဲကြဘူးလို့ ဆိုပါတယ်။ 

ဝက်လက်မြို့ပေါ်ကို စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားပြီး မြို့ဝန်းကျင်က ကျေးရွာတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထားတယ်လို့ သိရပါတယ်။ 

စစ်ရေးအခြေအနေတွေကြောင့် ၀က်လက်-လှတော ကားလမ်းကို အသုံးပြုလို့မရတော့တာ ၂၀၂၃ ခုနှစ်ကတည်းကဖြစ်ပြီး မြို့တွင်း ၀င်ထွက်ချိန်၊ ဆီ၊ ဆန်၊ ကုန်စည်နဲ့ လောင်စာဆီတင်သွင်းခွင့်တွေကို PDF တွေဘက်က ထိန်းချုပ်ကန့်သတ်ထားတယ်လို့ သိရပါတယ်။ 

သတင်း - လက်ျာ၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #၀က်လက်မြို့ #ဆည်ရေ #စပါး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10