ဆားတောင်နယ်က ရွာ ၃ ရွာကို စစ်တပ်ကမီးရှို့ပြီးတပ်စွဲထားလို့ ဒေသခံသောင်းချီ ထွက်ပြေးနေရ

ဆားတောင်နယ်က ရွာ ၃ ရွာကို စစ်တပ်ကမီးရှို့ပြီးတပ်စွဲထားလို့ ဒေသခံသောင်းချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်က သာဇင်၊ ပေါက်မတောင်နဲ့ မြောက်ရွာတို့ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ပြီး ကျေးရွာထဲတပ်စွဲနေတာကြောင့် အဲ့ဒီကျေးရွာတွေအပြင် အနီးကျေးရွာတွေက ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေကြရတယ်လို့ ဆားတောင်မြို့နယ် ပြည်သူ့တော်လှန်ရေးအဖွဲ့ ဆီက သိရပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတခုက ဇွန်လ ၁၃ ရက်မှာ သာဇင်၊ ၁၅ ရက်မှာ ပေါက်မ (တောင်၊ မြောက်) ကျေးရွာတို့ကို မီးရှို့ပြီး ပေါက်မတောင်ရွာမှာ ဇွန်လ ၁၆ ရက်ဒီနေ့အထိ တပ်စွဲထားတာကြောင့် အခုလို ထွက်ပြေးနေကြရတာဖြစ်ပါတယ်။ 

"ဒေသခံတွေကတော့ တောထဲမှာခိုလှုံနေကြရတာ။ တောထဲမှာဖြစ်သလိုနေပြီး ဖြစ်သလိုစား နေရတာပဲ။ စစ်ကြောင်းက ရွာထဲကနေ မထွက်သေးတာကို။ စစ်ကြောင်း ရွာထဲကမထွက်သရွေ့ ဒီလိုနေကြရမှာပါ"လို့ ဆားတောင်မြို့နယ် ပြည်သူ့တော်လှန်ရေးအဖွဲ့တာဝန်ခံ ကိုလရောင်က ပြောပါတယ်။

ခုလိုစစ်တပ်က စစ်ကြောင်းထိုးတပ်စွဲနေတာကြောင့် အနီးဝန်းကျင်က သာဇင်၊ ဘောက်သောက်၊ လင်းယဥ်ကုန်း၊ တီကုန်း၊ မြိုင်ကုန်း၊ ပေါက်မတောင်ရွာ၊ ပေါက်မ မြောက်ရွာ၊ အိုင်းဓမ္မ၊ ကန်တော်ရိုး၊ အောင်မြေသာစည်၊ ကြခတ်၊ စမွန်း၊ ရုံးပင် စတဲ့ကျေးရွာတွေက ဒေသခံ ၁ သောင်းကျော် ထွက်ပြေးတိမ်ရှောင်နေကြရတာပါ။ 

ဒါ့အပြင် မီးရှို့မှုကြောင့် သာဇင်ကျေးရွာ က လူနေအိမ် ၇၀၀ ကျော် ပျက်စီးခဲ့တဲ့အပြင် အသက် ၆၀ ကျော်အရွယ် ဒေါ်မြသန်းလည်း မီးလောင်သေဆုံးခဲ့ပါတယ်။ 

ပေါက်မ(တောင်၊ မြောက်)ကျေးရွာရဲ့ ပျက်စီးမှုအခြေအနေကိုတော့ မသိရှိရသေးပေမယ့် ရွာထဲတပ်စွဲကာ မီးရှို့နေတဲ့အတွက် တရွာလုံးနီးပါးပျက်စီးမှု ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

အလားတူ ဇွန်လ ၁၃ ရက်မှာ ဖမ်းဆီးခံလိုက်ရတဲ့ သာဇင်ကျေးရွာက အမျိုးသား၊ အမျိုးသမီး ၂၅ ဦးခန့်၊ ဘောက်သောက်ရွာက အမျိုးသား ၃ ဦး၊ လင်းယဥ်ကုန်းရွာက အမျိုးသား ၄ ဦးတို့ကိုလည်း အဲဒီစစ်ကောင်စီတပ်တွေက ဇွန်လ ၁၆ ရက်ဒီနေ့အထိ ပြန်မလွတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ - စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့သည့် ဆားတောင်မြို့နယ်က ကျေးရွာအချို့။ 

 

စာတည်း - လင်း

 

#မြေလတ်အသံ 

#စစ်ကိုင်း #ဆားတောင် #စစ်ကောင်စီ #မီးရှို့ #ဒေသခံ #တိမ်းရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10