ဆားတောင်မြို့မရဲစခန်းကို PDF အဖွဲ့တွေက ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်

ဆားတောင်မြို့မရဲစခန်းကို PDF အဖွဲ့တွေက ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့၊ မြို့မရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၃၀ ရက် မနက် ၆ နာရီကျော်မှာ ဒရုန်းနဲ့ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေ များနိုင်တယ်လို့ ကျောက်ဆည်ခရိုင်တပ်ရင်း - ၁မှ ဒု-တပ်ရင်းမှူးက ပြောပါတယ်။

စစ်ကောင်စီနဲ့ရဲတပ်သား အင်အား ၆၀ ကျော်ရှိတဲ့ အဲဒီရဲစခန်းထဲကို PDF ပူးပေါင်း ၆ ဖွဲ့က ဒရုန်း ၄ စီးနဲ့ အချိန် ၁ နာရီခန့်ကြာ ဗုံးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"အဆောက်အဦးတွေ ပျက်စီးတာတွေရှိတယ်။ ဗုံးသီးက ၁၄ လုံးစလုံးကို အောင်မြင်စွာဖြုတ်ချနိုင်ခဲ့တယ်။ ဒါပေမယ့် သေဆုံး၊ ဒဏ်ရာရတဲ့စာရင်းကိုတော့ အတည်မပြုနိုင်သေးပါ။ စုံစမ်းဆဲပါ" လို့ ကျောက်ဆည်ခရိုင်တပ်ရင်း (၁) (နဂါးနီတပ်ရင်း)မှ ဒု - တပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်နေချိန်အတွင်းမှာတော့ စစ်ကောင်စီဘက်က မိနစ်အနည်းငယ်ကြာ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့ GTR MMU၊ ဆားတောင်မိုးကြိုး၊ ကျောက်ဆည်နဂါးနီ၊ Zero ပြောက်ကျားတပ်ဖွဲ့၊ MMDF၊ ရွှေဘို တပ်ရင်း ၁၅၊ မြင်းခြံခရိုင်တပ်ရင်း (၆) တို့မှ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ဒု-တပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။

အဲ့ဒီ ရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၂၅၊ ၂၆ ရက်တို့မှာလည်း ကျောက်ဆည်ခရိုင် တပ်ရင်း(၁)၊ ရွှေဘိုခရိုင် တပ်ရင်း (၁၅) အပါအဝင် PDF ၆ ဖွဲ့က ဒရုန်း ၅ စီးနဲ့ ဗုံးသီး ၂၅ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းမှူးအပါအဝင် ၄ ဦး သေဆုံးခဲ့သေးတယ်လို့ ဒုတပ်ရင်းမှူး ဆရာလေးက မြေလတ်အသံကို ပြောဆိုခဲ့ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားတောင် #ရဲစခန်း #PDF #ဒရုန်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10