ဆားတောင်မြို့မရဲစခန်း ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲခံရလို့ စခန်းမှူးအပါအဝင် ၄ ဦး‌ သေဆုံးဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့၊ မြို့မရဲစခန်းကို ဇွန်လ ၂၅ ရက် နဲ့ ၂၆ ရက်မှာ ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စခန်းမှူးအပါအဝင် ၄ ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူတွေလည်း ရှိတယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) အဖွဲ့ဆီက သိရပါတယ်။

အဲဒီ မြို့မရဲစခန်းမှာ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၃၅ ယောက်လောက်နဲ့ တပ်စွဲနေပြီး ဇွန်လ ၂၅ ရက် ညနေပိုင်းက ဒရုန်း ၅ စီးနဲ့ ဗုံး ၂၅ လုံးကြဲချခဲ့ပြီး ဇွန်လ ၂၆ ရက် မနက်ပိုင်းမှာတော့ ဒရုန်း ၅ စီးနဲ့ ဗုံး ၂၃ လုံး ထပ်မံကြဲချနိုင်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။

"၂၅ ရက်မှာ ဗုံးကြဲချခဲ့လို့ စခန်းမှူးအပါအဝင် ၄ ဦးသေဆုံးတယ်လို့ ကျနော်တို့သိရပါတယ်၊၂၆ ရက်မှာတော့ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပါဘူး၊ ဗုံးကြဲချပြီးနောက်ပိုင်းတော့ စခန်းအတွင်းမှာ အခြေအနေတွေရှုပ်ထွေးသွားပြီး ကျနော်တို့စကောက်ရဲ့ပြောပြချက်အရ နာရီဝက်လောက်အထိ အလောင်းတွေဆွဲထုတ်တာ မပြီးဘူးလို့ ပြောတယ်၊  အော်ဟစ်ပြီး ငိုယိုဆဲဆိုတဲ့ အသံ‌တွေလည်းကြားရတယ်"လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ ရွေဘိုခရိုင်တပ်ရင်း ၁၅၊ ဆားတောင်မိုးကြိုး (Local PDF)MRTF Drone Force နှင့် Danger Force (Local PDF)၊ Danger Force (Local PDF) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေးဘက်က ရဲဘော်တွေ ထိခိုက်မှု  မရှိဘူးလို့ သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားတောင်မြို့ #မြို့မရဲစခန်း #ဗုံးကြဲခံရ #စစ်သား #ရဲ #ပျူစောထီး #PDF #နဂါးနီတပ်ရင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10