ဆားလင်းကြီးက စစ်ရှောင် ၄ ထောင်ကျော်အတွက် အရေးပေါ်  ရိက္ခာလိုအပ်

ဆားလင်းကြီးက စစ်ရှောင် ၄ ထောင်ကျော်အတွက် အရေးပေါ် ရိက္ခာလိုအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအပါအဝင် စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တဲ့ ကျေးရွာအချို့က စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၄၀၀၀ ကျော်အတွက် အရေးပေါ် ရိက္ခာလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဒေသခံတွေဟာ စစ်ဘေးရှောင်နေရတာ ရက်ပေါင်း ၂၀ ကျော်ရှိလာတဲ့အပြင် အလုပ်အကိုင်လုပ်လို့ မရတာ၊ ရှာဖွေစားသောက်ရတာ ခက်ခဲနေကြလို့ အလှူရှင်တွေ ထောက်ပံ့သလောက်ကို မှီခိုစားသောက်နေရတယ်လို့ ဆိုပါတယ်။

"ခုက စစ်ရှောင်တွေက မုံရွာဘက်ကို လှေနဲ့ကူးပြီးလည်း အလုပ်လုပ်လို့မရဘူး။ စကစဘက်က ရေလမ်းကို ပိတ်ထားတယ်။ ရွာပြန်လို့ကလည်းမရ၊ တပ်ထိုင်ထားတယ်။ အလုပ်ကမရှိကြတော့ ကျနော်တို့ဘက်က စီစဥ်ပေးတဲ့ စားသောက်စရာတွေဘဲ မှီခိုစားနေကြရတယ်။ ရက်ရှည်လာတော့လည်း လိုအပ်ချက်ကများလာတယ်"လို့ စစ်ရှောင်အရေး ကူညီပေးနေသူတဦးက ပြောပါတယ်။

စစ်ဘေးရှောင်အများစုဟာ နီးစပ်ရာနေရာက ဘုန်းကြီးကျောင်း၊ တောတောင်နဲ့ စက်လှေတွေပေါ်မှာ နေထိုင်နေကြပြီး တချို့ကတော့ မုံရွာနဲ့ ဆားလင်းကြီးမြို့ပေါ်တွေမှာ တိမ်းရှောင်နေကြရတာပါ။ 

သူတို့အတွက် စားသောက်ဖို့ဟင်းကို ရတာနဲ့ ချက်ပြုတ်စားသောက်နေရသလို စစ်ရှောင် ၅၀၀ ခန့်ရှိတဲ့ နေရာတခုမှာ တနေ့ကို ဆန် ၇ တင်းခန့် ချက်ပြုတ်ရလို့ ဆန်နဲ့ဆီကတော့ လိုအပ်ချက် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဒီပမာဏဟာ စစ်ရှောင်ကူညီရေးအဖွဲ့တွေရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ စာနပ်ရိက္ခာလိုအပ်နေတဲ့ စစ်ရှောင်အရေအတွက်က ဒိထက် များပြားလျှက်ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်မှာ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေဘက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကာ နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ 

အဲ့ဒီနောက်ပိုင်းကစလို့ ညောင်ပင်ကြီးရွာနဲ့ အိမ်နီးချင်းရွာတွေဖြစ်တဲ့ အိုမ၊ ထန်းတောကြီး၊ ရွာရှည်၊ ရုံးပင်ရိုး၊ ထန်းတော၊ ပလောင်၊ ဝက်မှေး၊ ကံတော်၊ နှင်းတော၊ သိမ်တော၊ အောင်ချမ်းစည်၊ ရွှေအင်းလေး စတဲ့ ကျေးရွာတွေကို စစ်တပ်က ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုးတာ၊ နေအိမ်မီးရှို့တာတွေ လုပ်ခဲ့တာကြောင့် နေအိမ် ၇၀၀ နီးပါးမီးလောင်ပျက်စီးခဲ့ပြီး သောင်းနဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခဲ့ကြရတာပါ။  

 

စာတည်း - လင်း

 

#မြေလတ်အသံ 

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ရှောင် #ရိက္ခာ #အရေးပေါ်လိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10