ဆားလင်းကြီးနယ်ကို စစ်ကြောင်းဝင်နေလို့ ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ

ဆားလင်းကြီးနယ်ကို စစ်ကြောင်းဝင်နေလို့ ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝနဲ့ ညောင်ပင်အိုင်ရွာဘက်ကို စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ Salingyi Border Task Force ဆီက သိရပါတယ်။

 

ဇူလိုင်လ ၃ ရက်ဒီမနက် ၉ နာရီမှာ ဆားလင်းကြီးမြို့ဘက်ကနေ အင်အား ၂၀၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပေါင်းဝနဲ့ ညောင်ပင်အိုင်ရွာဘက်ကို စစ်ကြောင်းထိုး ရောက်ရှိလာတာကြောင့် အဲ့ဒီ ၂ ရွာအပြင် အနီးဝန်းကျင်ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။

 

"စစ်ကြောင်းလာတယ်လို့ အသံကြားကတည်းကိုက ဒေသခံတွေက ရွာလုံးကျွတ်ပြေးနေကြရပြီ။ စစ်ကြောင်းပြန်ထွက်သွားလို့ အခြေနေငြိမ်သွားတာ သေချာပြီဆိုရင်တော့ ရွာထဲပြန်နေကြရတယ်။ ဒီမနက် စစ်ကြောင်းဝင်လို့ ပြေးရတာဆို ၆ ရွာလောက်ရှိမယ်"လို့ Salingyi Border Task Force တာဝန်ရှိသူက ပြောပါတယ်။

 

တောချောင်း၊ ပေါင်းဝ၊ ညောင်ပင်အိုင်၊ ဆားထုံး၊ လက်ပံကျွန်း စတဲ့ကျေးရွာတွေက ဒေသခံ ၅၀၀၀ လောက် ထွက်ပြေးနေရပြီး လက်ရှိအချိန်ထိတော့ တိုက်ပွဲဖြစ်ပွားတာတွေ မရှိသေးဘူးလို့ ဆိုပါတယ်။ 

 

၂၀၂၃ ခုနှစ်၊ နှစ်စပိုင်းလောက်ကစပြီး စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဆားလင်းကြီးနယ်ဘက်က ရွာတွေကို စစ်ကြောင်းထိုးချိန်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ဝင်လာတာ၊ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်တာတွေ ရှိလာတယ်လို့လည်း သိရပါတယ်။  

 

ဒါ့အပြင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်မလွတ်ပေးဘဲ သတ်ဖြတ်လိုက်တာ၊ ကျေးရွာတွေထဲ ဝင်ရောက်ချိန်မှာ ဒေသခံနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်တာတွေကြောင့် စစ်ကြောင်းထိုးလာတယ်ဆိုတဲ့ အသံကြားရုံနဲ့ ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးနေကြရတာလို့ Salingyi Border Task Force တာဝန်ရှိသူက ဆက်ပြောပါတယ်။

 

ဇွန်လ ၉ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ ရဲစခန်းကို PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ညောင်ပင်ကြီးရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံ ၁ သောင်းလောက် ထွက်ပြေးခဲ့ရပါတယ်။ 

 

တချို့က နီးစပ်ရာတောစပ်တွေနဲ့ ကျေးရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးတွေမှာ စုပေါင်း တိမ်းရှောင်နေရသလို တချို့ကတော့ ဆားလင်းကြီး၊ မုံရွာ စတဲ့မြို့ပေါ်တွေကို သွားရောက် တိမ်းရှောင်နေသူတွေလည်း ရှိနေပြီး စစ်ရှောင် ၄ ထောင်လောက်ကတော့ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံထွက်ပြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10