ဆားလင်းကြီးနယ်က ရေနစ်မြုပ်နေတဲ့ ရွာ ၁၀ ရွာကျော်မှာ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာ ၁၀ ရွာကျော်မှာ ရေနစ်မြုပ်နေတာ ရက်ရှည်လာတဲ့အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁ ရက်ကတည်းက ချင်းတွင်းမြစ်ရေဝင်ရောက်လာလို့ ခွန်သာ၊ သံလျှက်ကိုင်း၊ ဘောဂ၊ ညောင်ပင်ကိုင်း၊ နှောကူးတို့၊ ဆားထုံးကျေးရွာတွေအပါအဝင်ကျေးရွာ ၁၀ ရွာကျော်ဟာ ရွာလုံးကျွတ်နီးးပါး ရေနစ်မြုပ် နေခဲ့ကာ လက်ရှိမှာ အဲ့ဒီကျေးရွာတွေကဒေသခံတွေ စာနပ်ရိက္ခာလိုအပ်နေတာဖြစ်ပါတယ်။  

"ရွာတွေမှာက ရေကြီးနေတာက ၁၀ ရက်လောက်ရှိနေပြီ။ အချို့အိမ်ခေါင်မိုးပေါ်ရုံပဲ ရှိတော့တာ။ ရေကလည်းဆက်တိုးနေတော့ ပိုက်ဆံရှိရင်တောင်သွားလာဝယ်စားဖို့မဖြစ်တော့ ရေဘေးရှောင်ပြီး စုနေနေတဲ့နေရာတွေမှာ ရိက္ခာပြတ်လာနေပြီ။ အဲ့ဒီဘက်အခြမ်းကို အကူအညီတွေလည်းမရောက်ဘူး"လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

ဒေသခံတွေကတော့ ကျေးရွာတွေရဲ့အမြင့်ဆုံးအပိုင်းတွေဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကုန်းတွေပေါ်မှာတိမ်းရှောင်နေရပြီး ရေဘေးသင့်ပြည်သူ ၅၀၀၀ ကျော်လောက် ရှိနေတယ်လို့ဆိုပါတယ်။

ချင်းတွင်းမြစ်ရေကလည်း ဆက်လက်မြင့်တက်နေတာကြောင့် ကျေးရွာအနိမ့်ပိုင်းတွေမှာ ပျမ်းမျှရေအမြင့် ၁၅ ပေခန့်နဲ့ အမြင့်ပိုင်းမှာ ၅ ပေခန့်ထိ ရှိနေကာ ဇူလိုင် ၁၁ ရက် ဒီမနက်ပိုင်းအထိ မြစ်ရေဆက်လက် မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

လက်ရှိရေကြီးနစ်မြုပ်နေတဲ့ကျေးရွာတွေဟာ တိုက်ပွဲတွေကြောင့် နေအိမ်တွေမီးရှို့ခံရဖူးတဲ့ကျေးရွာတွေဖြစ်ပြီး ကျေးရွာတရွာမှာ အနည်းဆုံး ၁၀ လုံးထက်မနည်း မီးရှို့ခံရဖူးတယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #ရေနေမြုပ် #သဘာဝဘေး #စားနပ်ရိက္ခာ #လိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10