ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု တပ်စွဲတဲ့နေရာ ၄ ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စုတပ်စွဲရာ နေရာ ၄ ခုကို တိုက်ခိုက်ခဲ့ရာ စစ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ PDA Yinmarbin အဖွဲ့ဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်း ၁၀ နာရီ ၁၃ မိနစ်ခွဲဝန်းကျင်မှာ ဆားလင်းကြီးမြို့‌ပေါ်က ရဲစခန်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ အင်အား ၁၅၀ ကျော် စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

"တိုက်ပွဲကြာချိန်က ၁ နာရီကျော်ကြာတယ်၊ ဆားလင်းကြီး လက်နက်ကြီးတပ်ပေါင်းစုကလည်း လက်နက်ကြီး ပစ်ကူပေးတယ်၊ ကျနော်တို့ဘက်က သိမ်းတော့မသိမ်းနိုင်ဘူး၊ ရန်သူ့ဘက်က သာလွန်အင်အားနဲ့ နှစ်ဖက်ညှပ်ပြီးတိုက်တော့ နောက်ပြန်ဆုတ်လာခဲ့တာ" လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅မှ  ရဲဘော်တဦးက ပြောပါတယ်။

ကာကွယ်ရေးအဖွဲ့ ပေါင်း၂၀ ကျော်နဲ့ ၂ ပွိုင့်ခွဲ တိုက်ခိုက်တာဖြစ်ပြီး စစ်အုပ်စုဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကာ တပ်တွင်းသတင်းပေးတွေရဲ့ပြောပြချက်အရ စစ်အုပ်စုဘက်က ၁၅ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် တိုက်ခိုက်မှုအတွင်း ကာကွယ်ရေးရဲဘော် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ -  PDA Yinmarbin၊ တပ်ခွဲ( ၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် ၁၆ တပ်ခွဲ (၁) - Brother Defence Force၊ ဆားလင်းကြီးမြို့နယ်လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစု၊ ချင်းတွင်းနွေဦး၊ SPDF၊ မုံရွာခရိုင်တပ်ရင်း ၂၅ ခွဲ (၁)နဲ့ (၅)၊ Under Ground Force(မုံရွာ)၊ တောသားကြီး၊ ဆားလင်းကြီးပလဖ၊ တိုက်ဂါး၊ မဲမှောင်ပြောက်ကျားတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #တိုက်ခိုက်ခံရ #ကာကွယ်ရေးတပ် #သတင်း #ရုပ်သံသတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10