ဆားလင်းကြီးမှာ ဆိုင်ကယ်စီးဆယ်ကျော်သက်လူငယ်တွေ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ စစ်တပ်က သေဆုံးအလောင်းကို ချောင်းထဲမျှောခဲ့

ဆားလင်းကြီးမှာ ဆိုင်ကယ်စီးဆယ်ကျော်သက်လူငယ်တွေ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ စစ်တပ်က သေဆုံးအလောင်းကို ချောင်းထဲမျှောခဲ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝရွာမှာ စစ်ကြောင်းလာတာကိုတွေ့လို့ ထွက်ပြေးတဲ့လူငယ်တွေ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၂၀ ရက် ည ၆ နာရီကျော်မှာ ပေါင်းဝရွာနေ လူငယ် ၃ ဦးဟာ ကျေးရွာကမ်းနားမှာရှိနေချိန် စစ်တပ်စစ်ကြောင်းက ရေလမ်းကတဆင့် ရွာအတွင်းဝင်ရောက်လာတာကိုတွေ့လို့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးစဉ် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

" စကစ စစ်ကြောင်းက မုံရွာကနေ မော်တော်တွေနဲ့ ပေါင်းဝဆိပ်ကမ်းကိုကပ်လာတာ။ ကလေးတွေကလည်း သူတို့ကိုတွေ့လို့ ကြောက်ပြီးဆိုင်ကယ်နဲ့ သုံးယောက်စီးပြီးထွက်ပြေးချိန် လှမ်းပစ်ခံရတာ။ အလယ်ကစီးတဲ့ ကလေးကသေသွားပြီး ဆိုင်ကယ်ပေါ်ကနေ ကျကျန်ခဲ့တယ်"လို့ ဆားလင်းကြီးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်လို့ အသက် ၁၃ နှစ်အရွယ် မင်းခန့်ကျော်ဟာ ဦးခေါင်းကျည်ထိမှန်ပြီး ပြုတ်ကျကာနေရာမှာပဲ သေဆုံးသွားသလို ဆိုင်ကယ်အနောက်ကနေလိုက်စီးတဲ့ အသက် ၁၆ နှစ် အရွယ်လူငယ်မှာလည်း လက်မှာကျည်ထိဒဏ်ရာရကာ ၎င်းနဲ့နောက်တဦးမှာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ကျည်ထိမှန်သေဆုံးသွားတဲ့ မင်းခန့်ကျော်ရဲ့ ရုပ်အလောင်းကို ကောက်ယူကာ ပေါင်းဝရွာအနီးရိုးချောင်းအတွင်းမျှောခဲ့ပြီး ထွက်ခွာသွားလို့ ည ၁၀ နာရီခန့်မှာ ဒေသခံတွေကအလောင်းကိုပြန်လည်ရှာဖွေရာ ဇူလိုင် ၂၁ ရက် မနက်အစော ၁ နာရီအကျော်မှာ ရေချောင်းအတွင်း ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပေါင်းဝရွာကနေတဆင့် ဆားလင်းကြီးမြို့ပေါ်ကို ဆက်လက်ထွက်ခွာသွားကြပြီး လက်ရှိမှာ မြို့နယ်မီးသတ်ရုံးနဲ့အနီးတဝိုက် တပ်စွဲထားတယ်လို့ သိရပါတယ်။

ကျည်ထိသေဆုံးခဲ့တဲ့ လူငယ်ရဲ့နာရေးကိုတော့ ဇူလိုင် ၂၁ ရက်မှာ ဒေသဓလေ့ထုံးတမ်းနဲ့ နာရေးပြုလုပ်ခဲ့ပြီး ဒဏ်ရာရတဲ့လူငယ်ကတော့ ဆေးကုသမှုဆက်လက်ခံယူနေရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #လူငယ် #စစ်တပ် #ပစ်သတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10