ဆားလင်းကြီးမှာ မိုင်းမတော်တဆမှုကြောင့် PDF ရဲဘော်တဦး ဒဏ်ရာရ

ဆားလင်းကြီးမှာ မိုင်းမတော်တဆမှုကြောင့် PDF ရဲဘော်တဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်နေချိန် မိုင်းမတော်တဆမှုဖြစ်ပြီး PDF ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်ချောင်းအချို့လည်း ကျိုးသွားတယ်လို့ သိရပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ မှ တပ်ခွဲ ၃ သမန်းကျားတပ်ဖွဲ့မှ အသက် ၂၄ နှစ်အရွယ် ရဲဘော်ကိုထက် ဖြစ်ပြီး၊ ဧပြီလ ၂၇ ရက်နေ့လယ်ပိုင်း ၁၁ နာရီဝန်းကျင်မှာ တိုက်ခိုက်ဖို့ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ခဲ့တာလို့ အဲ့ဒီအဖွဲ့မှ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက ပြောပါတယ်။


“ရဲဘော်ကိုထက်ရဲ့ မျက်လုံး ၁ ဖက်ထိခိုက်၊ လက်သန်းဘေးက ၂ ချောင်းကျိုးသွားပြီး ခန္ဓာကိုယ်မှာ ဒဏ်ရာရတယ်” လို့ ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲကို ရိက္ခာလာပို့တဲ့ မုံရွာအခြေစိုက် နမခ တပ်က စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်နေချိန်မှာ ခုလို မတော်တဆမှု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီရဲဘော်ကို NUG က အသိအမှတ်ပြုထားတဲ့ဆေးရုံးမှာ CDM ဆရာဝန်တွေက ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ကလည်း ယင်းမာပင်မြို့နယ်ထဲ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ဖို့ ပြင်ဆင်ချိန် ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ က ၁၉ နှစ်အရွယ် ရဲဘော်တဦး မိုင်းမတော်တဆမှုဖြစ်ပြီး လက်ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10