ဆိပ်ဖြူမြို့ဝင်ခွင့် ရုတ်တရက်ပိတ်ပြီး စစ်ကြောင်းထိုးတဲ့အတွက် ကျေးရွာတချို့ ရိက္ခာပြတ်တောက်လာ

ဆိပ်ဖြူမြို့ဝင်ခွင့် ရုတ်တရက်ပိတ်ပြီး စစ်ကြောင်းထိုးတဲ့အတွက် ကျေးရွာတချို့ ရိက္ခာပြတ်တောက်လာ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီဘက်က မြို့ဝင်ခွင့်ကို ရုတ်တရက်ပိတ်လိုက်ပြီး ‌ဆိပ်ဖြူမြို့မြောက်ပိုင်း ယောချောင်းတလျှောက်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အတွက်  ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာရရှိမှု ခက်ခဲသွားပြီး ပြတ်လပ်မှုတချို့ စတင်ဖြစ်နေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဆိပ်ဖြူမြို့ဝင်ခွင့်ကို ဇူလိုင် ၁၂ ရက်ကတည်းက ပိတ်လိုက်တာဖြစ်ပြီး ဇူလိုင် ၂၃ ရက်ဒီကနေ့ထိ သွားလာခွင့်မရသေးသလို စစ်ကြောင်းတွေလည်း ထိုးနေတဲ့အတွက် ကျေးရွာတချို့မှာ ရွာလုံးကျွတ် ထွက်ပြေးနေရပြီး ကုန်စည်ဝယ်ယူခွင့်မရကြဘူးလို့ ဆိုပါတယ်။

“ရွာဘက်တွေမှာတော့ ဖြစ်နေပြီ၊ နယ်(ရွာ)ဘက်က နေ့တိုင်းဈေးဝယ်ထွက်ကြတာဆိုတော့ အများကြီးလည်းလှောင်မထားဘူး၊ လှောင်ထားရင်လည်း စစ်ကြောင်းဝင်ရင် အကုန်ပါတာဆိုတော့ မထားရဲကြဘူး၊ ခုအိမ်ဆိုင်လေးတွေမှာ အရင်တုန်းကဝယ်ထားတာလေးတွေပဲ ရှိတော့တာ"လို့ ဆိပ်ဖြူဒေသခံတဦးက ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းတွေထိုးနေတဲ့အတွက် ဆိပ်ဖြူနဲ့ ပခုက္ကူကြားက တောင်ရွာမ၊ မြောက်ရွာမ၊ ဆိုက်ခမ်း၊ ရေယဉ်ချောင်၊ ဇီးပင်ကြီး၊ သံပုရာပင်၊ ဆားလောက်၊ စိုင်ဖြူ၊ ရှားဒူး၊ တောင်ပလူ၊ အရှေ့ကမ်းဖြူ၊ ဥယျာဉ်စု စတဲ့ကျေးရွာတွေက ‌ရွာလုံးကျွတ်ရှောင်တိမ်းနေရတာလည်း ဖြစ်ပါတယ်။

“စစ်ကြောင်းက ဘယ်ချိန်ပြီးမှာလည်း မသိဘူး၊ မြို့ပေါ်ကိုလည်း ဈေးဝယ်ခွင့်မပေးဘူးဆိုတော့ တကယ်ဒုက္ခရောက်နေတာက ဆိပ်ဖြူနဲ့ ပခုက္ကူနယ်စပ်က ကျေးရွာတွေအကုန်လုံး အခက်ခဲဖြစ်တယ်၊ ခုက မြေပဲဆံတို့ ကြက်သွန်တို့ကို ဖြစ်သလို ကြော်ချက်စားနေရတယ်။”လို့ ဆိပ်ဖြူဒေသခံတဦးက ပြောပါတယ်။

ဆိပ်ဖြူနယ်အတွင်းမှာ အခုလက်ရှိ စစ်ရှောင်ပြည်သူ ထောင်ဂဏန်းကျော်ရှိနေပြီး စစ်ကြောင်းမဝင်တဲ့ ရွာတွေအနေနဲ့လည်း စစ်ရှောင်တွေရှိနေတဲ့အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ဟင်းချက်စရာတွေဆိုရင် ဝယ်လို့ကိုမရတော့ဘူး၊ ဒေသထွက် ကြက်သွန်တို့ မြေပဲတို့နဲ့ပဲ ဖြစ်သလို စားနေရတာ၊ စစ်ရှောင် ၈၀၀ လောက် ကျွေးရတဲ့ရွာတွေဆို တော်တော်ကို ရုန်းကန်နေရတယ်၊ နောက်ရက်တွေမှာ ခုတိုင်းဆက်ဖြစ်နေရင် ဆန်လုံးဝပြတ်သွားတော့မှာ၊ မနေ့ကဆို စစ်ရှောင်တွေကျွေးဖို့ ငပိရည်ကျို လုံးဝမရှိတော့ဘူး၊ ရွာတွေမှာကို မရှိတော့တာ၊ ရှေ့လျှောက် ဘယ်လိုလုပ်ရမှန်းကိုမသိသေးဘူး၊ စားရေးသောက်ရေးက တော်တော်ခက်သွားမှာ။”လို့ နောက်ထပ် ကျေးရွာသားတဦးက ပြောပါတယ်။

ဆိပ်ဖြူမြောက်ပိုင်းက ကျေးရွာတွေအနေနဲ့ ကုန်စည်ဝယ်ယူမယ်ဆိုရင် ယခင်ကတည်းက ဆိပ်ဖြူမြို့ထဲကိုသာ သွားလာလေ့ရှိပြီး ပခုက္ကူနဲ့ ပေါက်ဘက်ကို သွားမယ်ဆိုရင်လည်း လမ်းကြောအခက်ခဲနဲ့ ခရီးကဝေးတဲ့အပြင် စစ်ကြောင်းတွေရှိနေတဲ့အတွက် သွားလို့မရဘူးလို့ ဆိုပါတယ်။

ယခင်ကလည်း အလားတူမြို့ဝင်ခွင့် ပိတ်ခဲ့ဖူးတာရှိပြီး ၇ ရက်ကြာမြင့်ခဲ့ကာ ခုတကြိမ်နဲ့ဆိုရင်  ၂ ကြိမ်မြောက် ရှိပြီလို့လည်း သိရပါတယ်။ 

ခုလို မြို့ဝင်ခွင့်ကို ရုတ်တရက်ပိတ်လိုက်တာက ဘာကြောင့်လဲဆိုတာ အတိအကျမသိရပေမယ့် စစ်ကောင်စီဘက်က ဖြတ် ၄ ဖြတ်အနေနဲ့ ပိတ်ဆို့တာဖြစ်နိုင်တယ်လို့လည်း ဒေသခံအချို့က ခန့်မှန်းပြောဆိုနေကြပါတယ်။ 

ဆိပ်ဖြူမြို့နယ်ထဲမှာ ဇူလိုင်လ ၁၀ ရက်ကတည်းက စစ်ကြောင်းဝင်နေတာဖြစ်ပြီး ဇူလိုင် ၁၁ ရက်ကလည်း စစ်ကောင်စီတပ်တွေဟာ ဂွေးတိုတဲတိုက်က ပြည်သူ ၃ ဦးကိုသတ်ကာ တဲပေါ်တင် မီးရှို့သွားသေးတယ်လို့ သိရပါတယ်။

ဆိပ်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံဖြစ်တဲ့ ကပစ ၂၁၊ ကပစ ၂၂ စက်ရုံတွေတည်ရှိတဲ့အပြင် ဆိပ်ဖြူမြို့နယ်နဲ့ တဆက်တည်းရှိနေတဲ့ ဝါဇီအခြေစိုက် လုံခြုံရေးနှင့်ဆိုင်တဲ့ ပုံနှိပ်လုပ်ငန်းများစက်ရုံ (လနစ ဝါဇီ)တပ်တွေ တည်ဆောက်ထားတာဖြစ်လို့ နယ်မြေစိုးမိုးမှုပိုမိုရရှိနိုင်ရေး အခုလိုလုပ်ဆောင်နေတာဖြစ်တယ်လို့ CDM တပ်အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုပါတယ်။

ပုံစာ - ဆိပ်ဖြူမြို့နယ်အတွင်း တိမ်းရှောင်နေရသည့် ဒေသခံအချို့။  

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #စစ်ကောင်စီ #မြို့ဝင်ခွင့်ပိတ် #ရိက္ခာပြတ်တောက်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10