ဆိပ်ဖြူမှာ စစ်ကောင်စီကား မိုင်းဆွဲခံရ

ဆိပ်ဖြူမှာ စစ်ကောင်စီကား မိုင်းဆွဲခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေစီးလာတဲ့ အိမ်စီးကားတစီးကို အောက်တိုဘာ ၈ ရက် ည ၈ နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၄၊ တပ်ခွဲ ၁ ဆီက သိရပါတယ်။

အဲ့ဒီကားကို ဆိပ်ဖြူမြို့ပေါ်ကနေ ကပစ ၂၁ ကို ထွက်ခွာလာချိန် ဆိပ်ဖြူ - ဆော လမ်းပိုင်းတနေရာ အရောက်မှာ အသင့်ထောင်ထားတဲ့ မိုင်း ၅ လုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"တိုက်ခိုက်ပြီးတဲ့အချိန်မှာ သေတဲ့စကစတွေရဲ့ သေနတ်ကို ကောက်ဖို့သွားတာ။ အဲ့ဒီမှာ နောက်ထပ်ကားတစီးရောက်လာပြီးတော့ ပစ်ခတ်လို့ သေနတ်တွေကိုမကောက်နိုင်ခဲ့ဘူး။ သေတာကို မျက်မြင်တွေ့ခဲ့တာ"လို့ ပခုက္ကူခရိုင်တပ်ရင်း ၄၊ တပ်ခွဲ ၁ မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ မင်းရဲဆက်က ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ကားပေါ်မှာ စစ်ကောင်စီတပ်သား ၅ ဦး လိုက်ပါလာပြီး အဲ့ဒီကားရဲ့နောက်မှာလည်း စစ်ကားတစီး ပါလာတာကြောင့် ကာကွယ်ရေးရဲဘော်တွေအနေနဲ့ နောက်ဆက်တွဲအခြေအနေတွေကို မစုံစမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုအတွင်း စစ်သား ၄ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ပြောပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက် ည ၇ နာရီကျော်မှာလည်း ကပစ ၂၁ ကနေ ဆိပ်ဖြူမြို့ကိုထွက်လာတဲ့ စစ်ကောင်စီကား ၃ စီးကို ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်းအပြင် လက်နက်ငယ်တွေနဲ့ပါ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦးသေဆုံးခဲ့သလို ကားတစီးပါ မီးလောင်ပျက်စီးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆိတ်ဖြူ #စစ်ကောင်စီ #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10