သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျောက်ကြီးကျေးရွာနဲ့ ညောင်ဂွေးဝကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိပ်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက်မနက် ၇ နာရီမှာ ရွှေဘိုကျွန်းကျေးရွာဘက်ကနေ အင်အား ၅၀ ခန့်နဲ့ထွက်လာတဲ့ စစ်ကြောင်းဟာ ကျောက်ကြီးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အဲ့ဒီကနေတဆင့် ညောင်ဂွေးဝကျေးရွာထဲကို မနက် ၁၀ နာရီခန့်မှာ ဆက်လက်စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။
"ကျောက်ကြီးမှာတော့ ဘာမှမလုပ်သွားဘူး။ ညောင်ဂွေးဝရွာထဲကို ဝင်လာကတည်းက သေနတ်တွေ ပစ်ဖောက်ပြီးဝင်လာတာ။ ပြီးတော့ စျေးဆိုင်တွေမွှေတယ်။ ဆိုင်ကယ် ၂ စီး မီးရှို့တယ်။ ကျန်းမာရေး ကား ၁ စီး မှန်တွေရိုက်ခွဲတယ်။ ရွာအစပ်ရောက်တော့ Battle(တိုက်ပွဲ)ဖြစ်သေးတယ်။ ဆုတ်ပစ်ပစ်ရတာ။ သူတို့ဘက်က အင်အားများလို့။" လို့ ဆိပ်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
ညောင်ဂွေးဝရွာအနီးမှာဖြစ်တဲ့တိုက်ပွဲဟာ မိနစ်ပိုင်းလောက်သာကြာပြီး ကာကွယ်ရေးအဖွဲ့ဝင်တွေ ဘက်က ထိခိုက်တာမရှိဘဲ စစ်ကောင်စီဘက်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ညောင်ဂွေးဝရွာကနေ ထွက်ခွာသွားတဲ့စစ်ကြောင်းဟာ ညနေ ၅ နာရီကျော်မှာ ညောင်ဂွေးဝကျေးရွာနဲ့ ၅ မိုင်ကျော်ဝေးတဲ့အလယ်စုရွာထဲကိုဝင်ရောက်ပြီး ကျေးရွာထဲက နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
အဲဒီနောက် အလယ်စုရွာက ဒေသခံအမျိုးသား၊ အမျိုးသမီး ၁၅ ဦးခန့်ကို စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားပြီး ပေါက်နယ်ဘက်ကို ဆက်ထွက်သွားတယ်လို့ ဆိပ်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
စစ်ကြောင်းက ဖမ်းဆီးသွားသူတွေကတော့ ဘယ်သူဘယ်ဝါတွေဆိုတာ စိစစ်နေဆဲဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မနက်ပိုင်းထိတော့ ပြန်လွတ်လာတာမရှိသေးပါဘူ။
စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ၁ ရွာမှာ အိမ်ခြေ ၂၀၀ အထက်ရှိတဲ့ ကျောက်ကြီး၊ ညောင်ဂွေးဝ၊ အင်းကန်၊ သဖန်းတောင်၊ ကင်မွန်းတောင်၊ ရှားတော၊ ကြောင်ဖြူ၊ အလယ်စုအပါအဝင် စုစုပေါင်း ကျေးရွာ ၉ ရွာခန့်က ဒေသခံ ၈,၀၀၀ ကျော် ရွာလုံးကျွတ်ထွက်ပြေးနေကြရပါတယ်။
စစ်ကြောင်းက ပေါက်မြို့နယ်ထဲကိုရောက်ရှိနေပေမယ့် ပြန်လှည့်လာနိုင်တဲ့အခြေအနေရှိတာကြောင့် ဇန်နဝါရီ ၃၁ ရက်ဒီမနက်ပိုင်းထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာခံတွေက ကျေးရွာထဲကို ပြန်လည်နေထိုင်တာမျိုး မရှိသေးပါဘူး။
၂၀၂၄ ဇူလိုင် ၁၆ ရက်ကလည်း ဆိပ်ဖြူမြို့နယ်၊ ကျစ်ပြင်ကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ကျေးရွာထဲက ဆိုင်ကယ် ၄ စီးနဲ့ ကျပ်သိန်း ၁၀၀ ကျော်ကိုလည်းယူဆောင်သွားသေးတယ်လို့ သိရပါတယ်။
ပုံစာ - စစ်ကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆိပ်ဖြူမြို့နယ်မှဒေသခံများနှင့် ဇန်နဝါရီ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ မီးရှို့ဖျက်ဆီးခဲ့သည့် ဆိပ်ဖြူမြို့နယ်၊ အလယ်စုကျေးရွာ။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဆိပ်ဖြ #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဖမ်းဆီး
Share Share Share