ဆိပ်ဖြူမှာ ၁ ရက်တည်းအုပ်ချုပ်ရေးမှူး ၂ ဦးပစ်သတ်ခံရ

ဆိပ်ဖြူမှာ ၁ ရက်တည်းအုပ်ချုပ်ရေးမှူး ၂ ဦးပစ်သတ်ခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အောက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ နေအိမ်မှာပစ်သတ်ခံရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဇူလိုင် ၂၃ ရက်ည ၆ နာရီခန့်မှာ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၅၀ နှစ်အရွယ် ဦးညွန့်လွင် (ခ) ဦးတာတီးနဲ့ အောက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၆၀ အရွယ် ဦးမြင့်ချို ဟာ သူတို့နေအိမ်တွေမှာရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"အုပ်ကြီးနှစ်ယောက် ပစ်သတ်ခံရတာက အချိန်သိပ်မကွာဘူး။ တနာရီဝန်းကျင်လောက်ပဲ ကွာမယ်။ နေအိမ်ထိလာပစ်တာဆိုတော့ သေသွားကြတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ၂ ဦးစလုံး ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့တယ်လို့ သိရပြီး အလောင်းတွေကိုတော့ ဆိပ်ဖြူဆေးရုံကို ပို့ထားကြတယ်လို့ ဆိုပါတယ်။ 

ရွာသစ်ရပ်ကွက်နဲ့ အောက်ဆိပ်ကျေးရွာဟာ ၁၀ မိုင်ခန့်ကွာဝေးပြီး အောက်ဆိပ်ရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက်မှ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာလို့ သိရကြောင်း အထက်ပါဒေသခံက ပြောပါတယ်။ 

ဆိပ်ဖြူမြို့နယ် ပကဖ တာဝန်ရှိသူကလည်း "အုပ်ချုပ်ရေးမှူးနှစ်ယောက် ပစ်သတ်ခံရတာက ဟုတ်တယ်။ ဒါပေမယ့် ဘယ်အဖွဲ့တွေက ပစ်ခတ်ခဲ့တယ်ဆိုတာကတော့ သတင်းစုံစမ်းနေဆဲဖြစ်တယ်"လို့ ပြောပါတယ်။ 

အဆိုပါ အုပ်ချုပ်ရေးမှူးနှစ်ဦးဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သလို စစ်မှုထမ်းကိစ္စ၊ စစ်ကောင်စီ ယန္တယားလည်ပတ်ရေးမှာ ကြိုစားဆောင်ရွက်နေသူတွေဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေက အလိုရှိနေသူတွေဖြစ်တယ်လို့လည်း အထက်ပါတာဝန်ခံက ပြောပါတယ်။ 

ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တဲ့အဖွဲ့တွေဘက်က သတင်းတစုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ကလည်း မြို့သစ်မြို့နယ်၊ သီးကုန်းကျေးရွာနေအိမ်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူး သားအဖ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #အုပ်ချုပ်ရေးမှူး #အသတ်ခံရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10