သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူအခြေစိုက် ကပစ ၂၁ ကထွက်လာတဲ့စစ်ကောင်စီယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၇ ရက်မှာ ကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Yenather Column ဆီက သိရပါတယ်။
စစ်ကား ၃ စီး၊ ဖောကား ၁ စီး၊ အိမ်စီးကား ၁ စီးနဲ့ အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မနက် ၁၀ နာရီလောက်က ဆိပ်ဖြူမြို့နဲ့ ကန်ဇွန်းမလမ်းပိုင်းမှာ ၄၅ မိနစ်ကြာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
“ဆိပ်ဖြူမြို့နယ် ကပစ ၂၁ ကနေ ပြင်ဦးလွင်ကိုပစ္စည်းသွားပို့မယ့်ကားတန်းလို့တော့သိရတယ်။ ပစ်ခတ်မှုဖြစ်တဲ့အကွာအဝေးကတော့ မီတာ ၅၀ အကွာအဝေးပါပဲ။ ကားတွေကတော့ ဘာတွေသယ်လာလဲမသိရဘူး။ ယာဥ်တန်းက ကား ၂ စီးပျက်စီးပြီး ဆိပ်ဖြူဘက်ကိုပဲ ပြန်ထွက်သွားတယ်၊” လို့ Yenather Column တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင်သေဆုံးပြီး အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ဆိပ်ဖြူဆေးရုံကိုသယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီတိုက်ခိုက်မှုကို Yenather Column၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်း ၁၉ ၊ ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းဇုန် ၁ ပကဖ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာကားလမ်းပိုင်းရှိ မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်ကို Yenather Column အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #ဆိပ်ဖြူ #တိုက်ခိုက်
Share Share Share