ဆိပ်ဖြူ ပညာရေးမှူးရုံးနဲ့ EPC ရုံး မိုင်းခွဲခံရ

ဆိပ်ဖြူ ပညာရေးမှူးရုံးနဲ့ EPC ရုံး မိုင်းခွဲခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့က မြို့နယ်ပညာရေးမှူးရုံး နဲ့ EPC ရုံးတို့ကို ဇန်နဝါရီလ ၂၆ ရက်ညပိုင်းမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ည ၆ နာရီ ၄၂ မိနစ်မှာ မြို့နယ်ပညာရေးမှူးရုံး၊ ည ၆ နာရီ ၅၇ မိနစ်မှာတော့ မြို့နယ် EPC ရုံးကို မိုင်း ၁ လုံးစီနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး - B.H.S.R.F တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

“ပညာရေးမှူးရုံးက ထိခိုက်မှုမရှိဘူး။ EPC ရုံးမှာက NonCDM ဝန်ထမ်း ၁ ယောက် မိုင်းစထိမှန်ပြီး ဆိပ်ဖြူမြို့နယ်ဆေးရုံ တင်ထားရတယ်” လို့ ပြောပါတယ်။ 

ပညာရေးမှူးရုံးကို ဖောက်ခွဲရတာဟာ CDM ဝန်ထမ်းတွေကို CDM မလုပ်ဖို့ ဖိအားပေးတာတွေ ရှိနေတဲ့အပြင် စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ပညာရေးဝန်ထမ်းတွေ ပါဝင်နိုင်တဲ့အတွက် သတိပေးဖောက်ခွဲခဲ့တာလို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။ 

“ပညာရေးမှူးရုံးကို ဖောက်ခွဲရတာက CDM ဝန်ထမ်းတွေကို CDM မလုပ်တော့ဖို့ Non CDM ပြန်လုပ်ဖို့ ဖိအားပေးတာတွေရှိသလို CDM ကျောင်းသားတွေကို ကျောင်းပြန်တက်ဖို့ ဖိအားပေးပြီး ကျောင်းတက်ခိုင်းတာတွေ ရှိတယ်။ စစ်ကောင်စီရဲ့တရားမဝင် ရွေးကောက်ပွဲမှာက မဲရုံနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ပါဝင်နိုင်တာက ပညာရေးဝန်ထမ်းတွေ များမယ်။ အဲဒါတွေကို မပတ်သက်ဖို့အတွက် သတိပေးဖောက်ခွဲတာ” လို့ ပြောပါတယ်။  

ဒါ့အပြင် EPC ရုံးကို တိုက်ခိုက်ခဲ့တာနဲ့ပက်သက်ပြီးတော့လည်း B.H.S.R.F တပ်ဖွဲ့တာဝန်ခံက ခုလိုရှင်းပြပါတယ်။ 

“EPC ရုံးကိုတော့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေစာရင်းဖြစ်တဲ့ အခွန်အခရဖို့အတွက် အတင်းအဓမ္မ လိုက်ကောက်တယ်။ မီတာခတွေကို ကျသင့်တဲ့ငွေထက် ပိုကောက်တာတွေ ရှိတယ်။ မီတာဖြုတ်တာတွေ မီးဖျက်တဲ့လုပ်ငန်းတွေလုပ်ပြီး ပြည်သူလူထု စိတ်မချမ်းမြေ့အောင် လုပ်နေတာကြောင့် ဖောက်ခွဲရတာ ဖြစ်တယ်” လို့ ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုမှာ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး−B.H.S.R.F တပ်ဖွဲ့နဲ့ OAK AWE UG Group (စလေ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်ကလည်း ဆိပ်ဖြူနယ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ ရိက္ခာပို့ကားကို B.H.S.R.F တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပါသေးတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10