ဆိုက်ဟားမြို့မှာ အမျိုးသမီးတဦးက CDM တွေထံက ငွေကျပ် သိန်း ၃ ထောင်ကျော်လိမ်ယူသွား

ဆိုက်ဟားမြို့မှာ အမျိုးသမီးတဦးက CDM တွေထံက ငွေကျပ် သိန်း ၃ ထောင်ကျော်လိမ်ယူသွား

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်မှာ ရောက်ရှိနေတဲ့ မြန်မာပြည်က CDM ၁၈ ဦးရဲ့ ငွေကျပ်သိန်း ၃ ထောင်ကျော်ကို အမျိုးသမီးတဦးက လိမ်ယူသွားတယ်လို့ ဆိုက်ဟားမြို့မှာရောက်နေတဲ့ CDM တွေဆီက သိရပါတယ်။

ကျပ်သိန်း ၃ ထောင် လိမ်လည်ယူဆောင်သွားသူဟာလည်း CDM လုပ်ထားတဲ့ ကျောင်းဆရာမတဦးလို့ သိရပါတယ်။

အဆိုပါ ငွေတွေဟာ CDM လုပ်ထားသူ ၁၈ ဦးပိုင်ဆိုင်တဲ့ ငွေတွေဖြစ်ပြီး အိမ်နဲ့ကိုယ်ပိုင်ပစ္စည်းတွေ ရောင်းထားရငွေ၊ တခြားနိုင်ငံမှာ နေထိုင်တဲ့ ဆွေမျိုးတွေထံက လွှဲထားတဲ့ငွေတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ဆိုက်ဟားခရိုင်မှာ‌ ရောက်ရှိနေတဲ့ CDM တွေထံက ရူပီးငွေ သိန်း ၁၀၀ ကျော်(၁၁,၆၅၇,၁၇၅)ကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ပေးမယ်လို့ဆိုကာ ခိုင်ဇင်ဝေဆိုတဲ့ CDM ကျောင်းဆရာမက လိမ်ယူသွားတာဖြစ်ပါတယ်။ 

“သူက CDM လုပ်ထားတော့ CDM ဝန်ထမ်းတွေက ယုံတော့ ပိုက်ဆံချေးတဲ့သူကချေး၊ ပိုက်ဆံလဲခိုင်းသူက လဲခိုင်းနဲ့ နောက်ဆုံးတော့ လိမ်ယူပြီး ထွက်ပြေးသွားတာပါ” လို့ ဆိုက်ဟားမြို့က CDM တဦးက ဆိုပါတယ်။

ငွေလိမ်သွားသူ မခိုင်ဇင်ဝေဟာ ဆိုက်ဟားမြို့ကနေ မြန်မာနိုင်ငံ ကလေးမြို့ဘက်သို့ ထွက်ပြေးသွားတာကို သတင်းရတဲ့အတွက် CDMတွေက  ဒေသခံ PDF အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ၎င်းကို ဂန့်ဂေါမြို့မရောက်ခင် ရေဇွာမြို့အနီးမှာ ဖမ်းဆီးကာ ဆိုက်ဟားမြို့က နေအိမ်မှာ အကျယ်ချုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။ 

“သူ့ကို အိမ်မှာအကျယ်ချုပ်ထားတာမှာ သူ့အမျိုးသားရဲ့အမေက ထွက်ပြေးအောင် ဖန်တီးပေးလိုက်တော့ လွတ်သွားတယ်။ အခု သူ့အမျိုးသားနဲ့ အမျိုးသားအမေပါ ဆိုက်ဟားမြို့ ထောင်ထဲ ရောက်နေပြီ။ သူက လွတ်သွားတယ်” လို့ ဆိုက်ဟားမြို့က CDM တဦးကဆိုပါတယ်။ 

မခိုင်ဇင်ဝေဟာ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဆဘောင်းပီရွာမှာ အထက်တန်းပြအဖြစ် ကျေးရွာက ငှားရမ်း ခန့်ထားတဲ့ ကျောင်းဆရာမတယောက်ဖြစ်ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#အိန္ဒိယနိုင်ငံ #မီဇိုရမ်ပြည်နယ် #ဆိုက်ဟားမြို့ #CDM #ငွေလိမ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10