ဆိုင်ကယ်နဲ့နောက်ကလိုက်ပစ်တဲ့ ခမရ ၇၀၄ က ဗိုလ်ကြီးနဲ့တပ်သား ပြန်အပစ်ခံရလို့ သေဆုံးပြီး သေနတ် ၂ လက်ရရှိ

ဆိုင်ကယ်နဲ့နောက်ကလိုက်ပစ်တဲ့ ခမရ ၇၀၄ က ဗိုလ်ကြီးနဲ့တပ်သား ပြန်အပစ်ခံရလို့ သေဆုံးပြီး သေနတ် ၂ လက်ရရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာအနီး ဧပြီလ ၂ ရက် မနေ့ နေ့လည် ၁ နာရီခန့်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီး မင်းမြတ်သူ အပါ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မင်းတိုင်ပင်ရွာနဲ့ နှောကန်ရွာအကြားမှာ ဆိုင်ကယ်စီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးက PDF တွေကို သေနတ်နဲ့ လိုက်လံပစ်ခတ်စဉ် PDF တွေဘက်က ပြန်လည်ခုခံပစ်ခတ်တာကြောင့် သေဆုံးတာလို့ ဒေါင်းနက်နယ်စည်းမခြားတပ်ဖွဲ့တာဝန်ခံ နတ်ဆိုးက မြေလတ်အသံကို ပြောပါတယ်။


“ဒီကောင် ၂ ကောင်က ကျနော်တို့ရဲဘော်တွေ ကင်းပုန်းဝပ်နေတဲ့နေရာကို လာပစ်တာ။ ကျနော်တို့က နောက်ကိုဆုတ်ပေးတာကို နောက်ကလိုက်ပစ်တယ်။ ဆုတ်ပေးရင်းကနေ ကာလို့ကောင်းတဲ့နေရာရောက်တော့ ကျနော်တို့က ပြန်ပြီးနှစ်ဖက်ဝိုင်းပစ်တာ ၂ ကောင်လုံး သေတယ်။ ၁ ကောင်က ၃ ပွင့် ဗိုလ်လို့ သိရတယ်” လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဆီကနေ သူတို့ကိုင်ဆောင်တဲ့ MA 3 သေနတ် ၂ လက်၊ ကျည်ဘောက် ၄ ခု၊ ဖုန်း ၂ လုံးရရှိခဲ့ပြီး အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ခမရ ၇၀၄ တပ်ရင်းက ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ဆီမှာ ဗုံးသီးတွေလည်း ပါတယ်။ သူတို့စစ်ကြောင်းက နောက်ကလိုက်လာလို့ အဲ့တာတွေတော့ မကောက်နိုင်ခဲ့ဘူး။ သေနတ် ၂ လက်နဲ့ ကျည်ဘောက်တွေရယ်၊ ဖုန်း ၂ လုံးရယ်၊ ရွှေဆွဲကြိုးအတု ၂ ကုံး ရယ် ရခဲ့တယ်။ သေနတ်တွေက သူတို့တပ်ရင်း အမှတ်အသားတွေနဲ့ ဖုန်းထဲက ဓာတ်ပုံတွေအရ ၇၀၄ တပ်ရင်းကလို့ သိရတယ်” လို့ သူကဆက်ပြောပါတယ်။

ခမရ ၇၀၄ တပ်ရင်းဟာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ တိုက်ကြီး-ဂျိုးဖြူလမ်းပေါ် ၁ မိုင်ရပ်ကွက် အခြေစိုက် စစ်ကောင်စီတပ်ရင်းဖြစ်ပြီး ဖူးကြီးအခြေစိုက် အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်(စကခ-၄) လက်အောက်ခံတပ်ရင်း ဖြစ်ပါတယ်။

စကခ ၄ နဲ့လက်အောက်ခံတပ်ရင်းတွေဟာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်နဲ့ ယင်းမာပင်ခရိုင်တွေမှာ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး(စကခမှူး) ဟာ ဗိုလ်မှူးကြီး နိုင်ဇော်ဦး ဆိုသူဖြစ်တယ်လို့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

နှောကံကျေးရွာက တိုက်ခိုက်မှုကိုတော့ ချင်းတွင်းရိုးမရာဇာတပ်ခွဲ ၂၊ ဒေါင်းနက်နယ်စည်းမခြားအဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ခရိုင်တပ်ရင်း(၂၀)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10