ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ စစ်ကောင်စီကင်းပုန်းက ပစ်ခတ်လို့ လူငယ် ၂ ဦးသေဆုံး

ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ စစ်ကောင်စီကင်းပုန်းက ပစ်ခတ်လို့ လူငယ် ၂ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး - မလှိုင်သွား ကားလမ်း၊ အောင်သာကျေးရွာ နဲ့ အောင်ပန်းကုန်းကျေးရွာကြားမှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုကာ စစ်ကောင်စီကင်းပုန်းက ပစ်ခတ်တာကြောင့် လူငယ် ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

 

 ဩဂုတ်လ ၂၆ ရက် ညနေ ၃ နာရီခန့်မှာ နွားထိုးကြီးကနေ အောင်ပန်းကုန်းကျေးရွာကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ အောင်ပန်းကုန်းရွာသား ဝေလင်းဦး ၂၀ နှစ်နဲ့ ခန့်ကိုကိုအောင် ၂၅ နှစ် တို့ကို စစ်ကောင်စီကင်းပုန်းက တားဆီးချိန် ဆိုင်ကယ်မရပ်ပေးလို့ဆိုကာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့က ကိုရီးယားဘာသာစကားသင်တန်းတက်နေတာ နွားထိုးကြီးနဲ့ရွာကို သွားလိုက်ပြန်လိုက်ပဲ။ သူတို့နေတဲ့ အောင်ပန်းကုန်းရွာနဲ့ နွားထိုးကြီးကလည်း ၃ မိုင်လောက်ပဲ ဝေးတာ။ စကစဘက်က ဆိုင်ကယ်တားတာမရပ်ပေးလို့ ပစ်တာ"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ 

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ပစ်ခတ်ခံရသူ  ၂ ဦးစလုံးမှာ ဦးခေါင်း၊ ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

သေဆုံးသွားသူတွေရဲ့အလောင်းတွေကိုတော့ စစ်ကောင်စီဘက်က ကောက်ယူပြီး နွားထိုးကြီးဆေး ရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

 အဆိုပါ လူငယ် ၂ ဦးသေဆုံးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတယ်လီဂရမ်ချန်နယ်တွေမှာတော့ PDF တွေအချင်းချင်း လူငယ်သဘာဝအမျိုးသမီးကိစ္စအငြင်းပွားကြရာမှ ပစ်သတ်သွားတာလို့ ဖော်ပြရေးသားထားကြပါတယ်။

ဇူလိုင်လ ၂ ရက် မနက်ပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာလမ်းဘေးမှာ နွားထိုးကြီးမြို့၊  အမှတ် (၇) ရပ်ကွက်နေ ဦးစိုင်းဇော် (ခ) ကိုစိုင်း၊ ၃၅ နှစ်ဟာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပြီး ယနေ့အထိ ဘယ်သူတွေက သတ်ဖြတ်တယ်ဆိုတာ မပေါ်ပေါက်သေးဘူးလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

 #မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #စစ်တပ်ကင်းပုန်း #ပစ်ခတ်မှု #အရပ်သား #သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10