ဆိုင်ကယ် ရပ်မပေးလို့ဆိုကာ အမျိုးသား ၁ ဦးကို စစ်ကောင်စီပစ်သတ်

ဆိုင်ကယ် ရပ်မပေးလို့ဆိုကာ အမျိုးသား ၁ ဦးကို စစ်ကောင်စီပစ်သတ်

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁ ရပ်ကွက်၊ ရွှေချောင်အဝိုင်းအနီးမှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဲ့ဒီအမျိုးသားကို ဇူလိုင်လ ၂၇ ရက် မနေ့ညနေ ၄ နာရီကျော်လောက်က ရုံးပေါင်းစုံအနီးရှိ ရွှေချောင်းအဝိုင်းနားမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

"ပစ်ခံရတာက ပြည်သူဘဲဖြစ်နိုင်တယ်။ ကျနော်အသိအဖွဲ့တွေ အကုန်လိုက်မေးတာ သူတို့အဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ပြောကြတယ်။ စကစ ဘက်က သေဆုံးသူကို မမှန်မချင်း လိုက်ပစ်တာလို့ သိထားရတယ်။"လို့ ပခုက္ကူအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ စစ်ကောင်စီ ခလရ  ၂၅၉ တပ်၊ စရဖရုံး၊ ခရိုင်ထွေအုပ်ရုံးတို့ ရှိရာ (ရုံးပေါင်းစုံ) ဝန်းကျင်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ စစ်ကောင်စီတပ်တွေက စစ်ဆေးဖို့တားဆီးတာကို မရပ်ပေးဘဲ ဆိုင်ကယ်မောင်းပြေးလို့ ပစ်ခတ်ရတာဖြစ်ပြီး သေဆုံးသူဆီကနေ လက်လုပ်ပစ္စတို တလက်၊ ကျည် ၅ တောင့်နဲ့ ဖုန်း၊ ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းရမိထားတယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူအမျိုးသားဟာ အသက် ၃၀ ဝန်းကျင်ရှိပြီး အလောင်းကိုတော့ စစ်ကောင်စီတပ်သားတွေကပဲ ကောက်ယူသွားကာ သူနဲ့ပက်သက်တဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရှိရသေးပါဘူး။ 

အလားတူ ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းကလည်း ပခုက္ကူမြို့နယ်၊ စက်မှုဇုံနဲ့ စိုတွင်းကျေးရွာသွားလမ်းပေါ်မှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုကာ စစ်ကောင်စီအဖွဲ့တွေက ပစ်ခတ်လို့ အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။ 

စာတည်း - လင်း 

 #မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #ဒေသခံ #ပစ်သတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10