ဆီနဲ့လက်နက်တွေ သယ်လာတဲ့ စစ်ရေယာဉ် ၉ စီး ချင်းတွင်းမြစ်အတွင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ဆင်ဖြူရှင်တံတားကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ရေယာဉ် ၉ စီးကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နဲ့ မုံရွာမြို့အကြား ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA ဆီက သိရပါတယ်။

စက်တင်ဘာ ၃၀ ရက် ဒီနေ့ နေ့လယ် ၁ နာရီကျော်လောက် ဆီနဲ့ လက်နက်ခဲယမ်းတွေ သယ်လာတဲ့ စစ်မော်တော်ရေယာဉ် ၉ စီးကို ဆားလင်းကြီးနဲ့ မုံရွာမြို့အကြား ချင်းတွင်းမြစ်ကြောင်းတနေရာကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ BNRA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

"ပခုက္ကူ ဆင်ဖြူရှင်တံတားဘက်ကလာတာ စစ်သင်္ဘော ၂ စီး၊ ဖလက်ခွန် ၆ စီး၊ ဘေးတွဲ ၁ စီးနဲ့ဆို ၉ စီးပါ။ ကျနော်တို့ကြည့်တာတော့ ဆီတွေလို့ ထင်ရတယ်။ သူတို့ဘက်ကလည်း စက်လှေအတွင်းထဲက လှမ်းပစ်ကြတယ်။ တချို့ကျလည်း သဲအိတ်တွေနဲ့ ဘန်ကာလုပ်ပြီး ထိုင်လိုက်လာတာ။ လက်နက်ခဲယမ်းတွေလည်း ပါလိမ့်မယ်ထင်တယ်။" လို့ တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

စစ်သင်္ဘောတွေပေါ်မှာ အင်အား ၃၅၀ နီးပါးပါပြီး ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်းနေဆဲဖြစ်ကာ သင်္ဘော ၉ စီးဟာ ပစ်ခတ်ခံရပြီး မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှာ ကပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ဆားလင်ကြီးမြို့နယ်၊ အောင်ဇေယျကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#ပခုက္ကူ #ချင်းတွင်းမြစ် #စစ်ကောင်စီရေယာဉ် #တိုက်ခိုက်ခံရ #ထိခိုက် #စစ်သား # PDF #ရုပ်သံသတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10