ဆီပိုက်ပေါက်နေတဲ့ဆိုင်ကယ် မီးလောင်ရာက နေအိမ်တွေပါမီးလောင်ပျက်စီး

ဆီပိုက်ပေါက်နေတဲ့ဆိုင်ကယ် မီးလောင်ရာက နေအိမ်တွေပါမီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်၊ ရွှေဒုံးရပ်မှာ ဆီပိုက်ပေါက်နေတဲ့ ဆိုင်ကယ်မီးထလောင်ရာက  နေအိမ်တွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၇ ရက်မနက် ၆ နာရီ ၂၃ မိနစ်ခန့်မှာ ရွှေဒုံးရပ်နေကိုရှမ်းကြီးရဲ့နေအိမ်မှာ ရပ်ထားတဲ့ဆိုင်ကယ်ကနေ မီးထလောင်ပြီး နေအိမ်တွေပါ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

"မနက်ပိုင်း သူ့မိသားစုဝင်တွေက စျေးသွားတယ်။ ဆိုင်ကယ်ဆီပိုက်ပေါက်နေတာကို မသိဘူး။ စျေးကနေပြန်လာပြီး အိမ်မှာရပ်ထားချိန် အင်ဂျင်ကလည်းပူနေ ဆီကလည်း အင်ဂျင်ပေါ်ကျတော့ မီးထလောင်တာ"လို့ ဒေသခံတဦးကပြောပါတယ်။

မီးလောင်လို့ ဆိုင်ကယ် ၁ စီး၊ စက်ဘီး ၁ စီး၊ ကိုရှမ်းကြီးနေအိမ်အပါအဝင် သွပ်မိုးထရံကာနေအိမ် ၂ လုံးနဲ့ အိမ်တွင်းပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။

မီးလောင်မှုကြောင့် လူထိခိုက်တာမျိုးမရှိပေမယ့် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

မီးလောင်ရာကို စစ်ကိုင်းမြို့နယ်မီးသတ်၊ အရန်မီးသတ်၊ လူမှုကူညီရေးအသင်းတွေနဲ့ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့လို့ မီးလောင်ပြီး တနာရီခန့်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ 

မတ် ၂၅ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နိုင်ငံပိုင်သစ်စက် ဝါယာရှော့ကနေတဆင့် မီးလောင်ပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ထုံးဘို #မီးလောင် #နေအိမ် #ဆိုင်ကယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10