ဆောမှာ ဆန်စပါးကုန်သွယ်ခွင့် ကန့်သတ်လိုက်လို့ စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေ

ဆောမှာ ဆန်စပါးကုန်သွယ်ခွင့် ကန့်သတ်လိုက်လို့ စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေ

မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဆန်စပါးကုန်သွယ်ခွင့် ကန့်သတ်ထားတဲ့အပြင် ဆန်ဈေးလည်း သတ်မှတ်ထားတာကြောင့် ဝင်ငွေနဲ့ထွက်ငွေမမျှဖြစ်ပြီး တောင်သူတွေ အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။

 

မြို့နယ် ပအဖအဖွဲ့က ဆောမြို့နယ်တွင်းက CDM၊ စစ်ရှောင်တွေနဲ့ လက်လုပ်လက်စားပြည်သူတွေ စားသောက်ရေးအဆင်ပြေစေရန်ရည်ရွယ်ပြီး မတ်လ ၃၁ ရက်ကစတင်ကာ မြို့နယ်ပြင်ပရောင်းချခွင့်ကို ပိတ်ပင်လိုက်ပြီး ဆန်ဈေးနှုန်းတွေလည်း သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

ဆန်ရောင်းဝယ်ရင် ၁၆ ပြည် ၁ တင်းကို ၃ သောင်းခွဲသတ်မှတ်ထားတဲ့အတွက် စားသုံးသူတွေက အဆင်ပြေပေမယ့် စပါးပြန်စိုက်ပျိုးရတဲ့ တောင်သူတွေအနေနဲ့ကတော့ ၁ တင်းကို စိုက်ပျိုးစရိတ် ၅ သောင်းနီးပါးကုန်ကျတဲ့အတွက် အရှုံးခံပြီး စိုက်နေရတယ်လို့ သိရပါတယ်။

“ဆန်ဈေးတွေသတ်မှတ်လိုက်တော့ ကျနော်တို့မှာနည်းနည်းကြပ်တာပေါ့၊ အရင်က ၃ သောင်း ခုတော့ ၃ သောင်းခွဲ ဖြစ်သွားပါပြီ၊ ဆန်ဈေး ၄ သောင်းလောက်ရမှ ကျနော်တို့မှာ အရင်းရရုံပဲ၊ ခုက အရင်းတောင်မရတော့ စပါးစိုက်ရင် မြေဆီထည့်မသုံးနိုင်တော့ဘူးလေ၊ လျော့သုံးရတာပေါ့၊ ၂ အိတ်သုံးတဲ့နေရာကို ၁ အိတ်ပဲသုံးနိုင်တယ်၊ အဲ့တော့ စပါးအထွက်နှုန်းလည်းကျတယ်၊ နည်းနည်းအခက်တွေ့တာပေါ့"လို့ စပါးစိုက်တောင်သူတဦးက ပြောပါတယ်။

ဆန်စပါးရောင်းချတဲ့ဈေးကို ကန့်သတ်ထားပေမယ့် စပါးစိုက်ရာမှာလိုအပ်တဲ့ မြေဩစာ၊ ပိုးသတ်သေး၊ စက်သုံးဆီ၊ မျိုးစပါး စတဲ့ပစ္စည်းအမျိုးစားတွေကတော့ ကာလပေါက်ဈေးအတိုင်း ပေးဝယ်နေရတဲ့အတွက် ချေးငှားပြီး စပါးစိုက်နေရတဲ့ တောင်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မြေဆီ‌မြေသြစာ တအိတ်ကို ၁ သိန်း ၃ သောင်နဲ့ စက်ဆီတပုံးကို ၃ သောင်းဝန်းကျင်ပေးဝယ်ရပြီး အရင်က တ‌ဧကကို မြေဆီ ၂ အိတ်အသုံးပြုလေ့ရှိပေမယ့် အခုလက်ရှိကတော့ တအိတ်ပဲသုံးနိုင်တော့တဲ့အတွက် တဧကကို စပါး တင်း ၁၅၀ လောက် ထွက်တဲ့လယ်ကွက်တွေက အခုလက်ရှိမှာတော့ တင်း ၉၀ လောက်ပဲ ထွက်တော့တယ်လို့ သိရပါတယ်။

“အိတ်စိုက်ပဲဖြစ်နေတာ၊ စားဝတ်နေရေးပြေလည်အောင် မစိုက်လို့ကလည်း မဖြစ်ဘူး၊ ဥပမာ မြေပဲပေါ်ရင် စပါးစိုက်မယ့်ထဲပြန်ထည့် ဒီလိုပဲလည်ပတ်နေရတာပေါ့၊ ခုကတော့ ဝင်ငွေထွက်ငွေမမျှဖြစ်နေတော့ အကြွေးတင်တာပေါ့၊ မြေဆီတွေထည့်ဖို့ကျ ဘေးမှာအတိုးနဲ့ ချေးငှားပြီးမှဝယ်တဲ့အတွက် တောင်သူတွေအတွက် အကျန်နည်းတာပေါ့၊ ခုကတော့ ဘာစိုက်စိုက် စားဖို့လောက်ပဲဖြစ်နေတယ်၊ ကိုယ့်အရင်းကိုယ်ရဖို့တောင် တော်တော်လုံးပမ်းနေရတယ်” လို့ တောင်သူတဦးကလည်း ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို တောင်သူတွေကြုံနေရတဲ့အခက်ခဲတွေနဲ့ပတ်သက်ပြီး တင်ပြထားတာတွေလည်း ရှိနေပြီး ဆီဈေးကန့်သတ်ပေးမယ်လို့ ပြောသံကြားပေမယ့် လက်ရှိအချိန်ထိတော့ ပုံမှန်အတိုင်း လည်ပတ်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10