ဆေးကုပြန်လာတဲ့ သားအမိ ၂ ဦးကို စစ်အုပ်စုက သတ်ပြီး မီးရှို့ခဲ့

ဆေးကုပြန်လာတဲ့ သားအမိ ၂ ဦးကို စစ်အုပ်စုက သတ်ပြီး မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာအနောက်ဘက်မှာ မြို့ပေါ်ကို ဆေးကုသွားပြီးပြန်လာတဲ့ ပြည်သူ ၄ ဦး စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ခံရပြီးနောက် ၂ဦးသေဆုံးကာ အလောင်းတွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၂ ရက် မနေ့ကမနက် ၁၀ နာရီဝန်းကျင်မှာ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းသုံးကြောင်းခွဲပြီး အင်တိုင်းကုန်းရွာကနေ စက္ကန့်ရွာထဲကို ဝင်လာချိန် ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆေးကုသွားရင်း တိုက်ပွဲနဲ့ကြုံတာပေါ့၊ စစ်ကြောင်းက မရောက်သေးဘူးထင်ပြီး ရွာအနောက်က ဖြတ်တာမှာ ကြိုရောက်နေတဲ့ **တွေက အဝေးက လှမ်းပစ်တာ၊ သူတို့ အလောင်းတွေကိုလည်း မီးရှို့ထားခဲ့တယ်။"လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်ခံရလို့ ကျွန်းချောင်းရွာက အသက် ၅၀ အရွယ် ဟွေးအီယာန် နဲ့ သားဖြစ်သူ အသက် ၃၀ အရွယ် စမူအဲလ် တို့ သားအမိ ၂ ဦး သေဆုံးခဲ့ကာ အလောင်းတွေကိုလည်း ဆိုင်ကယ်နဲ့အတူ မီးရှို့သွားလို့ အရိုးတချို့သာပြန်ရခဲ့ပြီး မနေ့ကနေ့ချင်း နာရေးကျင်းပခဲ့တယ်လို့ ‌ဆိုပါတယ်။

တခြားပြည်သူ ၂ ဦးလည်း ပစ်ခတ်ခံရလို့ ဒူးခေါင်းကျည်ထိမှန်ဒဏ်ရာကာ သူတို့ကတော့ လွတ်မြောက်လာခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

အ‌ဆိုပါ စစ်ကြောင်းတွေဟာ မနေ့ကညနေပိုင်းမှာ စက္ကန့်ရွာကို မီးတင်ရှို့ပြီးနောက် မြို့ထဲကို ပြန်ဆုတ်ခွာသွားကြကာ ကျေးရွာတဝိုက်မှာ နင်းမိုင်းနဲ့ တိုက်မိုင်းတွေ ထောင်ထားခဲ့တဲ့အတွက် ပြည်သူတွေကို ဝင်ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။

စက္ကန့်ရွာနဲ့ အင်တိုင်းကုန်းရွာမှာ ဩဂုတ်လ ၁၀ ရက်ကနေ ၁၂ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပျူစောထီးခေါင်းဆောင်တဦးအပါအဝင် ၇ ဦးသေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #သတ်ဖြတ်မီးရှို့ #သားအမိ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10