ဆေးကုသခွင့်ခက်ခဲတဲ့ စစ်ကိုင်းတိုင်းက ကျေးရွာ ၇ ရွာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေး

ဆေးကုသခွင့်ခက်ခဲတဲ့ စစ်ကိုင်းတိုင်းက ကျေးရွာ ၇ ရွာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်းအရှေ့ခြမ်းက ဆေးရုံ၊ ဆေးခန်း မရှိတဲ့ကျေးရွာတွေ၊ ဆေးရုံဆေးခန်းနဲ့ ဝေးကွာတဲ့ကျေးရွာက ပြည်သူတွေကို ကျောင်းသားလက်ရုံးတပ်တော်နဲ့ တကသများ-ရန်ကုန် အဖွဲ့တို့ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့တွေဆီက သိရပါတယ်။

မေလ တတိယပတ်အတွင်း ကျေးရွာ ၇ ရွာက ပြည်သူ ၂၀၀ နီးပါးကို ဆေးဝါးကုသမှုပေးခဲ့ကာ ကိုယ်လက်ကိုက်ခဲ၊ ချောင်းဆိုး၊ ရင်ကျပ်၊ ဖျားနာ စတဲ့ရောဂါတွေကို အများဆုံးတွေ့ရပြီး ခွဲစိတ်ဖို့ လိုအပ်တဲ့ လူနာတွေကိုတော့ ခွဲခန်းရှိတဲ့နေရာတွေကို လိုက်လံပို့ဆောင်ပေးပြီး လမ်းခရီးဝေးတဲ့အတွက် အခက်ခဲတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကုသပေးခဲ့တဲ့ ကျေးရွာအမည်ကိုတော့ လုံခြုံရေးအရ ပြောဆိုတာမရှိပါဘူး။  

“တချို့ရွာတွေဆို ဆေးပေးခန်းသွားဖို့တောင် နေ့ဝက်လောက် ဆိုင်ကယ်မောင်းမှ ရောက်တဲ့ ရွာတွေရှိပါတယ်၊ ဒီလိုရွာတွေက နာမကျန်းဖြစ်တဲ့သူတွေဆိုရင် မသွားနိုင်ကြတာ များပါတယ်၊ ဒီလိုရွာမျိုးတွေကို အဓိကထားပြီး ကျနော်တို့ သွားဖြစ်ပါတယ်။”လို့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆေးကုသမှုပေးနေချိန် ပြည်သူတွေဆီမှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုတွေလည်းတွေ့ရပြီး ရဲဘော်တွေအနေနဲ့ ဆေးဝါးကုသရုံသာမက ပြည်သူတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ တတ်ကြွမှုတွေရအောင်လည်း လုပ်ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ရပ်ရွာလူထုဆီမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိပါတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု မရခြင်းက စိတ်ဓာတ်ကျဆင်းစေပါတယ်၊ ဒီကာလကြီးမှာ နာမကျန်းတခုခုဖြစ်ရင် ကျနော်တို့ရွာကလူတွေကတော့ သေဖို့များပါတယ် ဆိုတာမျိုးတွေ ကြားခဲ့ရတယ်၊ ကျနော်တို့အနေနဲ့ ရပ်ရွာလူထုနဲ့ စကားလက်ဆုံ ပြောတာတွေအပြင် စိတ်ကိုလည်းအားပေး၊ ဆေးလည်းကု ဆိုတာမျိုးလုပ်ဖြစ်ပါတယ်။”လို့ သူက ဆက်ပြောပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့ တပ်ဖွဲ့အခြေစိုက်ရာ ဒေသတွေမှာ ရွေ့လျား ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေ၊ ဆေးခန်းဖွင့်လှစ်ကုသတာတွေ လုပ်ဆောင်နေပြီး ၂၀၂၄ ခုနှစ်အတွင်း ကျေးရွာပေါင်း ၂၀ က ပြည်သူလူထုကို ဆေးဝါးစောင့်ရှောက်မှုတွေ ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆေးဝါးကုသ #ဒေသခံ #ကျန်းမာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10