ဆွေမျိုးတွေကို သတ်သွားတယ်ဆိုတဲ့ ဗိုလ်မှူးရဲ့ မင်္ဂလာဆောင်ကို လက်နက်ကြီးနဲ့သွားပစ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာက ဗိုလ်မှူးရဲ့မင်္ဂလာဆောင်ကို လက်နက်ကြီးနဲ့ဝိုင်းပစ်ကြလို့ မင်္ဂလာဆောင်ပွဲပျက်သလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီဗိုလ်မှူးဟာ  Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့ခေါင်းဆောင်ရဲ့ ဝမ်းကွဲညီအစ်ကိုတွေနဲ့ ဦးလေးဖြစ်သူတွေကို သတ်သွားတဲ့ စစ်ကြောင်းဦးဆောင်သူဖြစ်ကာ သလဲဘာကျေးရွာ ပျူစေထီးခေါင်းဆောင်ရဲ့ သမီးနဲ့ မင်္ဂလာဆောင်နေလို့ သွားပစ်ခဲ့ကြတာလို့ အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

"ကျနော့်ရဲ့ သွေးရင်း သားရင်းတွေကို သတ်ဖြတ်ပြီးတော့ သူတို့ကျတော့ အောင်ပွဲခံသလို မင်္ဂလာတွေဆောင်ကြ၊ အတီး အမှုတ် ကတ်ဆက်တွေဖွင့်ကြဆိုတော့ တိုက်ခိုက်ခဲ့တာဗျ" လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

ဗိုလ်ကျားကြီးရဲ့ ဝမ်းကွဲ ညီအစ်ကို ၂ ဦး၊ ဦးလေး ၂ ဦး စုစုပေါင်း ၄ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက ကျောက်ကုန်းရွာကို ဝင်လာတဲ့အချိန် ပစ်သတ်ခဲ့တာလို့ ပြောပါတယ်။

"ရွာထဲက ပြည်သူတွေအကုန်လုံး လူကြီး လူငယ်အကုန်လုံး လွတ်ရာ လွတ်ကြောင်း ပို့ပြီး သူတို့က တခါ နောက်တနေရာကို ကျန်တဲ့သူတွေသွားပို့မယ့်အချိန် ကင်းပုန်းက ရောက်ပြီးတော့၊ ပစ်ဖမ်း ဖမ်းခံလိုက်ရတာ" လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

အဲ့ဒီလိုသတ်ခံလိုက်ရတဲ့အတွက် ဇွန်လ ၂၂ ရက်မနက်ပိုင်းမှာ မဟာမိတ်အဖွဲ့တွေစုပေါင်းပြီး သလဲဘာရွာမှာကျင်းပနေတဲ့ မင်္ဂလာဆောင်ကို လက်နက်ကြီး လက်နက်ငယ် စနိုက်ပါတွေနဲ့ လက်စားချေတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မဟာမိတ် ၆ ဖွဲ့ အင်အား ၈၀ ကျော်နဲ့  မနက် ၇ နာရီကနေ စတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်နေ့မနက် ၂ နာရီအထိ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် မင်္ဂလာပွဲပျက်သွားသလို သတို့သားဖြစ်တဲ့ စစ်ဗိုလ်မှူးလည်းဒဏ်ရာရလို့ ဆေးရုံတင်ထားရပြီး အနည်းဆုံး ၈ ဦးလောက် ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အရာတော် #သလဲဘာ #ပျူရွာ #ဗိုလ်မှူး #မင်္ဂလာဆောင် #တိုက်ခိုက် #ဗိုလ်ကျားကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10