ဆွံ့အ၊ မသန်စွမ်းမိန်းကလေးကို အိမ်နီးချင်းက အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရှိလာမှ မိသားစုတွေက သိရ

ဆွံ့အ၊ မသန်စွမ်းမိန်းကလေးကို အိမ်နီးချင်းက အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရှိလာမှ မိသားစုတွေက သိရ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ဗမာကျွန်းကုန်းကျေးရွာမှာ ဆွံအ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ အသက် ၂၀ နှစ်ခန့် မိန်းကလေးငယ်ကို တရွာတည်းနေ အိမ်နီးချင်းအမျိုးသားက အဓမ္မပြုကျင့်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဓမ္မပြုကျင့်သူဟာ အဆိုပါ မိန်းကလေးငယ်နဲ့ ခြံချင်းကပ်လျက်နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ကျော်နိုင်ဝင်း (ခ) နိုင်နိုင်ဆိုသူဖြစ်ပြီး နစ်နာသူရဲ့မိသားစုဝင်တွေက ရဲကိုတိုင်ကြားရာမှ ဇွန်လ ၉ ရက်မှာ ရဲက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

"ကလေးမလေးက မွေးရာပါဆွံ့အ၊ လက်ရော ခြေထောက်ရော မသန်စွမ်း ထမင်းတောင်သူများခွံ့ ကျွေးမှ စားနိုင်တာ။ နေမကောင်းဖြစ်သလို တရှောင်ရှောင်ဖြစ်နေလို့ သူ့အဒေါ်ဖြစ်သူက ဆရာမနဲ့ ခေါ်စစ်ကြည့်လိုက်မှ ကိုယ်ဝန်ရှိတာသိရတာ။ အဲ့ဒါနဲ့သေချာအောင် OG ပြပြီးစစ်တော့ ကိုယ်ဝန်က ၅ လ ကျော်နေပြီဆိုတာ သိရတာ"လို့ မိသားစုနဲ့နီးစပ်တဲ့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကိုယ်ဝန်ရှိလာတာနဲ့ပတ်သက်ပြီး အဆိုပါမိန်းကလေးကို မိသားစုဝင်တွေကမေးမြန်းရာ ခြံချင်း ကပ်လျက်နေထိုင်သူ ကျော်နိုင်ဝင်း (ခ) နိုင်နိုင်က လွန်ခဲ့သည့် ၆ လခန့်မှစကာ နေအိမ်မှာ မိသားစုဝင်တွေ မရှိခိုက် ၃ ကြိမ်အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

ကျော်နိုင်ဝင်း (ခ) နိုင်နိုင်ရဲ့မိသားစုဝင်တွေကတော့ အမှုပိတ်သိမ်းပေးဖို့ ကျပ်သိန်း ၂၀၀ နဲ့ ကမ်းလှမ်း ထားပေမယ့် နစ်နာသူမိသားစုဝင်တွေဘက်ကတော့ လက်မခံဘူးလို့ ဆိုပါတယ်။

“ ကျော်နိုင်ဝင်း(ခ)နိုင်နိုင်ရဲ့မိသားစုဝင်တွေက နစ်နာသူတွေဘက်က သူတို့ပေးတဲ့လျော်ကြေးကို မယူလည်း ငွေတွေကို ရဲ၊ တရားသူကြီးနဲ့ ထောင်ပိုင်ကိုပေးလိုက်ရင် အမှုတောင်သက်သာမယ့်အပြင် ထောင်ထဲမှာလည်း မင်းသားလိုနေလို့ရတယ်ဆိုပြီး ဖိအားတွေပေးနေတယ်” လို့ အထက်ပါဒေသခံက ပြောပါတယ်။

အဓမ္မပြုကျင့်သူ ကျော်နိုင်ဝင်း (ခ) နိုင်နိုင်မှာ အရွယ်ရောက်ပြီး သမီးပျို ၃ ဦးရှိပြီး နစ်နာသူ မိန်းကလေးနဲ့ အဘိုးဝမ်းကွဲတော်စပ်တယ်လို့ သိရကာ လက်ရှိမှာ ၎င်းကို ဒိုက်ဦးရဲစခန်းမှာ ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ပုံစာ - အဓမ္မပြုကျင့်မှုကြောင့် ဖမ်းဆီးခံထားရသူ အမျိုးသား။

သတင်း-ကျော်ကြီး၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ 

#ဒိုက်ဦး #ဆွံ့အ #မသန်စွမ်း #အမျိုးသမီး #အဓမ္မပြုကျင့်ခံရ #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10