သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးရှိ ကျေးရွာတွေက စစ်ရှောင်တွေရဲ့နေအိမ်နဲ့ ဆိုင်ခန်းတွေ ဖောက်ထွင်းခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကင်မွန်းခြုံရွာ၊ ရှမ်းစုစျေးပိုင်းနဲ့ ရွှေပုဂံရွာထဲက နေအိမ်နဲ့ဆိုင်ခန်း စုစုပေါင်း ၂၀ ထက်မနည်း ဖောက်ထွင်းခံထားရတာလို့ ဆိုပါတယ်။
"အိမ်တွေဆိုင်တွေဆို မွစာကြဲနေတာပဲ မွှေထားတာ။ မနေ့ကရွာမှာ ကိုယ့်အိမ်က ပစ္စည်းပြန်ယူတဲ့ သူတွေလည်း စစ်သားတွေခြောက်ပစ် ပစ်ခံရလို့ ပြန်ပြေးလာကြရတယ်။ ပစ္စည်းတွေကတော့ ဘယ်သူတွေ မွှေနှောက်ယူထားလည်းဆိုတာတော့ မသိရသေးဘူး"လို့ ကင်မွန်းခြုံရွာ ဒေသခံတဦးက ပြောပါတယ်။
ခုလိုဖောက်ထွင်းခံရတာနဲ့ပတ်သက်ပြီး လတ်တလောမှာ စားသောက်ကုန်တွေနဲ့ အိမ်တွင်းပစ္စည်းအချို့ ပျောက်ဆုံးနေတာရှိပြီး ပျောက်ဆုံးပစ္စည်းစာရင်းတွေကိုတော့ မစိစစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဩဂုတ်လ ၉ ရက်ကစတင်ပြီး ကင်မွန်းချုံကျေးရွာနဲ့ ခလရ ၇၃ အနီး ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ပြီး နောက်မှာ စစ်ကောင်စီတပ်ဘက်က ကင်မွန်းခြုံ၊ ဒိုးတန်ကျေးရွာတွေအပါအဝင် အနီးအနား ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့နေ့စဥ်ပစ်ခတ်ခဲ့ပါတယ်။
အဲ့လိုပစ်ခတ်နေတဲ့အတွက် ကင်မွန်းခြုံ၊ ဒိုးတန်း၊ ရွှေပုဂံ၊ ပုဂံကွဲ၊ ဒါးဒေါက်အပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံ ၄၀၀၀ ကျော်ဟာ ဇရပ်ကြီးမြို့ပေါ်၊ တောင်ငူမြို့ပေါ်တွေနဲ့ဘေးလွတ်ရာ ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
ဩဂုတ်လ ၁၃ ရက်မနက်ပိုင်းထိ ခလရ ၇၃ နဲ့ ဇရပ်ကြီးရဲစခန်းမှာ စစ်ကောင်စီဘက်က အင်အားတွေ ထပ်တိုးထားသလို KNLA ပူးပေါင်းတပ်တွေဘက်ကလည်း ကျေးရွာတွေအနီးဝန်းကျင်မှာ ရှိနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
"စကစအဖွဲ့တွေကလည်း ရွာထဲမှာသွားလာလှုပ်ရှားနေသလို တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း အနီးဝန်းကျင်မှာရှိနေသေးလို့ ရွာခံတွေကတော့ရွာမပြန်ရဲကြသေးဘူး။ ပစ်ခတ်မှုတွေက ထပ်ဖြစ် လာနိုင်သေးတယ်"လို့ ကင်မွန်းခြုံရွာဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်ကနေ ၁၁ ရက်အတွင်း စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ ကင်မွန်းခြုံရွာက အသက် ၃၀ ကနေ ၆၀ အရွယ် အမျိုးသမီး၊အမျိုးသား ၅ ဦး သေဆုံးပြီး ၁၀ နှစ်ကနေ ၅၀ နှစ်အရွယ် ဒေသခံ ၇ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ထန်းတပင် #ဇရပ်ကြီး #ဒေသခံနေအိမ် #ဖောက်ထွင်း
Share Share Share