ဇီးကုန်းရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာသုံးရွာကိုမီးရှို့ပြီး ပစ္စည်းတွေခိုးယူ

ဇီးကုန်းရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာသုံးရွာကိုမီးရှို့ပြီး ပစ္စည်းတွေခိုးယူ

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေဟာ အနီးနားမှာရှိတဲ့ ကျေးရွာသုံးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ရွာထဲက ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

 

ဇူလိုင် ၅ရက်က ပိုက်ဆံကောက်ခံနေတဲ့ ဇီးကုန်းရဲစခန်းအရှေ့က ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ရဲ ၃ ဦးသေဆုံးပြီး စခန်းမှူးမိန်းမအပါအဝင် ၅ ဦးဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။ 

 

အဲ့ဒီနောက် ဇူလိုင် ၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေပေါင်းထားတဲ့ အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ ဆူးပုတ်ကုန်း၊ ကိုးမြို့ရွာနှင့် ညောင်ဇင်ကြီးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

 

အဲ့ဒီစစ်ကြောင်းဟာ ကျေးရွာတွေအတွင်း ဝင်ရောက်မွှေနှောက်ပြီး ကျေးရွာတွေထဲက ပစ္စည်းတွေကို သယ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ 

 

လက်ရှိမှာ အဲ့ဒီစစ်ကြောင်းဟာ သူတို့အထိုင်ချထားတဲ့ ညောင်ဇင်လေးရွာဘက်ကို ပြန်လည်ဝင်ရောက်သွားကြပါတယ်။ စစ်ကြောင်းထိုးခံရတဲ့နယ်ဟာ ပျူစောထီးစိုးမိုးတဲ့နေရာဖြစ်တာမို့ ဒေသခံတွေကတော့ ရွာထဲပြန် မဝင်ရဲသေးဘဲ ရှောင်တိမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

 

"ဒေသခံ ၁,၅၀၀ လောက်တော့ပြေးနေရတယ်။ ပျူစိုးမိုးတဲ့ဒေသမို့ တချို့ဒေသခံတွေကတော့ ရွာထဲမနေကြဘူး" လို့ ကျေးရွာခံတဦးက ပြောပါတယ်။ 

 

မီးရှို့ဖျက်ဆီးခံရတဲ့ ညောင်ဇင်ကြီးရွာဟာ ဒီနှစ်ထဲမှာတင် ဇန်နဝါရီနဲ့ မတ်မှာ ၂ ကြိမ် စစ်ကောင်စီတပ်ရဲ့ မီးရှို့ ဖျက်ဆီးတာခံထားရပြီး ယခုတကြိမ်နဲ့ဆို သုံးကြိမ်မြောက်မီးရှို့ဖျက်ဆီးခံရတာပါ။

 

ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းမှာ ပျူစောထီးတွေအုပ်စိုးနေပြီး နောက်ထပ်ပျူစောထီးသင်တန်းတွေ ပေးဖို့လည်း လုပ်နေကြတယ်လို့ဒေသခံတွေက ပြောပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူမြို့နယ် #ဇီးကုန်းကျေးရွာရဲစခန်း #မီးရှို့ #ပျူစောထီး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10