ဇီးပြားရဲစခန်းတိုက်ပွဲမှာ ပိတ်ဆို့ပစ်ခံရလို့ ကာကွယ်ရေးရဲဘော် ၂၀ ထက်မနည်း တိုက်ပွဲကျ

ဇီးပြားရဲစခန်းတိုက်ပွဲမှာ ပိတ်ဆို့ပစ်ခံရလို့ ကာကွယ်ရေးရဲဘော် ၂၀ ထက်မနည်း တိုက်ပွဲကျ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရဲစခန်းနဲ့ ပျူစောထီးစခန်းတွေကို တိုက်ခိုက်မှုအတွင်း ပိတ်ဆို့ပစ်ခတ်ခံရတာကြောင့် ကာကွယ်ရေးရဲဘော် ၂၀ ဦးထက်မနည်း တိုက်ပွဲကျသေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၁၅ ရက် မနေ့ကမနက် ၅ နာရီလောက်ကစတင်ပြီး ဇီးပြားကျေးရွာရဲစခန်းနဲ့ ပျူစောထီး စခန်းကို မြိုင်မြို့နယ်ပကဖအပါအဝင် ဒေသခံကာကွယ်ရေးတပ်နဲ့ တိုက်နယ်၊ ကျေးရွာပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီလောက်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

"ညနေပိုင်းရောက်တော့ ကျေးရွာရဲ့ ၃ ပုံ၂ ပုံလောက်ကို စီးနိုင်နေပြီ။ ရဲဘော်တွေလည်း ရှေ့ထဲရောက်နေတဲ့အချိန် နောက်ကနေပြီး "ပ" ပုံအဝိုင်းခံလိုက်ရတာ။ ဝိုင်းပြီးတန်းပစ်တာ လူ ၃၀ လောက်ပိတ်မိသွားတယ်။ ၅ ယောက်ကျော်လောက် ပြန်လွတ်လာတယ်"လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦး က မြေလတ်အသံကို ပြောပါတယ်။

ပိတ်မိသွားတဲ့ရဲဘော်တွေဟာ တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံကဖြစ်ပြီး လူစာရင်းအတိအကျမသိရသေးသလို ပျောက်ဆုံးနေတဲ့ရဲဘော်တွေလည်းရှိနေနိုင်သေးပြီး လတ်တလောမှာ မနက်ပိုင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ရဲဘော် ၃ ဦးရဲ့အလောင်းကိုသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းကျဆုံးမှုတွေမှာ ပေါက် Local PDF တပ်ဖွဲ့ဝင် ၅ ဦး ပါဝင်ကြောင်း ကနဦးသိထားပြီး အသေးစိတ်ကို စိစစ်နေဆဲလို့ တိုက်ပွဲမှာပါဝင်တဲ့ ပေါက်မြို့နယ် တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

မြိုင် PDF နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကလည်း ယမန်နေ့ ဇီးပြားရဲစခန်းတိုက်ပွဲမှာ PDF ၂၀ ကျော် ပိတ်ဆို့ပစ်ခတ်ခံရလို့ ကျဆုံးမှုများကြောင်း ပြောဆိုပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာတိုက်ပွဲမှာ PDF ကျား ၂၁ လောင်း နဲ့ မ ၁ လောင်းရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုများခဲ့တာကြောင့် ၃ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်သေဆုံးမှု ဖြစ်စဉ်အသေးစိတ်ကို မြေလတ်အသံက ဆက်လက်စုံစမ်းနေ ဆဲဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ပေါက် #မြိုင် #ဇီးပြားရဲစခန်း #PDF #တိုက်ပွဲကျ #ပိတ်ဆို့ပစ်ခံရ #၂၀ကျော် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10